DVB Logo
Home
Lead Story
စစ်မှုထမ်းတာဝန် ပျက်ကွက်ခဲ့သည့် ထရမ့်ပ်ကို လှောင်ပြောင် ရုပ်တုစိုက်ထူ 
DVB
·
November 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်စစ်တပ်အတွက် စစ်မှုထမ်းဖို့ခေါ်ခံရလို့ ကျန်းမာရေးအကြောင်းပြရှောင်တိမ်းခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို လှောင်ပြောင်ထားတဲ့ ရုပ်တုတခု ဝါရှင်တန်ဒီစီမှာ နိုဝင်ဘာ ၉ ရက်က စိုက်ထူခဲ့ပါတယ်။

အဲဒီရုပ်တုကို The Foot Soldier (ခြေလျင်စစ်သည်) လို့နာမည်ပေးထားပြီး စစ်ပြန်များနေ့ မတိုင်ခင် ၂ ရက်အလိုမှာ The Secret Handshake ဆိုတဲ့ ပြောက်ကျားအနုပညာအဖွဲ့က အမျိုးသားခန်းမနားမှာ ထားခဲ့တာပါ။

ရွှေဝါရောင်သုတ်ထားတဲ့ သမ္မတရုပ်တုဟာ ထိုင်နေရင်း ညာဘက်ခြေထောက်ကို ကြည့်နေတဲ့ပုံစံဖြစ်ပြီး ဒါဟာ ၁၉၆၈ ခုနှစ်တုန်းက ထရမ့်ပ်သားစုဆီကနေ အိမ်ငှားနေထိုင်တဲ့ ခြေထောက်အထူးကု ဆရာဝန်ကြီး ဒေါက်တာ လယ်ရီ ဘရောင်စတိန်းက ထရမ့်ပမှာ ခြေဖနောင့် အရိုးအတက်ထွက်တဲ့ရောဂါရှိတယ်လို့ ဆေးစာထုတ်ပေးခဲ့တာကို ညွှန်းဆိုထားတာဖြစ်ပါတယ်။

ရုပ်တုအောက်ခြေက ကမ္ဗည်းပြားမှာတော့ ‘ကျွန်ုပ်တို့ရဲ့ စစ်သေနာပတိချုပ် ဒေါ်နယ် ဂျေ ထရမ့်ပ်ရဲ့ တာဝန်ထမ်းဆောင်မှုနဲ့ စွန့်လွှတ်စွန့်စားမှုတွေကို ဂုဏ်ပြုပါတယ်။ သူဟာ စိတ်ထဲမှာတော့ စစ်သားဖြစ်ပေမဲ့ ခြေဖနောင့်အတက်ထွက်တယ်ဆိုတဲ့ ပြီးပြည့်စုံတဲ့ ဆေးစာလက်နက်ကိုကိုင်စွဲပြီး စစ်မှုထမ်းဖို့ကို ရှောင်လွှဲတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဆီ ချီတက်ခဲ့သူဖြစ်ပါတယ်။

‘စွန့်လွှတ်စွန့်စားမှု (sacrifice)’ ဆိုတဲ့ စကားလုံးမှာ ‘ငါ (I)’ ဆိုတဲ့ အတ္တမပါဘဲ ပေါင်းစပ်လို့မရနိုင်တာကို သိရှိထားတဲ့ခေါင်းဆောင်ကို ကျွန်ုပ်တို့ ဂုဏ်ပြုပါတယ်။ တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခံရတဲ့အခါ ထိုင်ပြီးနားလိုက်တာက အကောင်းဆုံးဆိုတာကို အမှတ်ရစေတဲ့ စစ်သည်တော်တယောက်ကို ကျွန်ုပ်တို့ အလေးပြုပါတယ်’ လို့ ရေးသားထားပါတယ်။

ဒုတိယ ကမ္ဗည်းစာကြောင်းမှာတော့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လဝန်းကျင်က ထရမ့်ပ်ရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တခုက ‘ငါဟာ အတော်လေးကို စစ်သားဆန်နိုင်တယ်’ ဆိုတဲ့ စကားကို ကိုးကားဖော်ပြထားပါတယ်။

ထရမ့်ပ်ဟာ ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ဗီယက်နမ်စစ်ပွဲအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကနေ ၅ ကြိမ်တိုင်တိုင် ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။

၄ ကြိမ်ကတော့ Fordham တက္ကသိုလ်နဲ့ University of Pennsylvania တို့မှာ ကျောင်းတက်နေလို့ဖြစ်ပြီး ၅ ကြိမ်မြောက်မှာတော့ ခြေဖနောင့်အတက်ထွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။

ရုပ်တုကို ဖန်တီးခဲ့တဲ့ The Secret Handshake အဖွဲ့က ထုတ်ပြန်ချက်တခုမှာ ‘သမ္မတဟာ စစ်ပွဲတွေကို ဆင်နွှဲနေပြီး စစ်ပွဲအသစ်တွေနဲ့လည်း ခြိမ်းခြောက်နေချိန်မှာ ဒေါ်နယ်ထရမ့်ပ်အနေနဲ့ တိုက်ပွဲထဲမဝင်ရရေး ဘာမဆိုလုပ်ခဲ့တဲ့ အချိန်ကာလကို ပြန်လည်အမှတ်ရစရာ အချိန်တန်ပါပြီ’ လို့ ပြောပါတယ်။

တနင်္လာနေ့ကလုပ်တဲ့ ရုပ်တုဖွင့်ပွဲမှာ ခြေချောင်းပုံစံ မက်စကော့ အင်္ကျီဝတ်ဆင်ထားတဲ့ Toey က ဦးဆောင်ကျင်းပခဲ့ပြီး ထရမ့်ပ်ရဲ့ စစ်မှုထမ်းရှောင်ရှားခဲ့ပုံကို လှောင်ပြောင်စနောက်တဲ့ စကားလုံးတွေနဲ့ The Washington Post သတင်းစာကို ဖြေကြားခဲ့ပါတယ်။

ပြီးတော့ ထရမ့်ပ်ရဲ့ပြောဆိုဟန်ကို လှောင်ပြောင်ပြီး “ငါက အကြီးဆုံးခြေချောင်းပဲ။ အင်မတန် ကြီးမားတဲ့ ခြေချောင်း။ အကြီးမားဆုံးပဲ။ ဘယ်သူမှမမြင်ဖူးတဲ့ အကြီးဆုံးခြေချောင်းပေါ့” လို့လည်း ပြောပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်းဂဲလ်ကတော့ တနင်္လာနေ့မှာပဲ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပြီး “ထရမ့်ပ်ကို မုန်းတီးလွန်းတဲ့ရောဂါဟာ ဒီမိုကရက် တက်ကြွသူတွေရဲ့ ဦးနှောက်ကို ပုပ်သိုးစေတဲ့ ကုသလို့မရတဲ့ရောဂါဆိုးပါပဲ။ သမ္မတ ထရမ့်ပ်ဟာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုက်ပွဲဝင်ပေးဖို့ ဘယ်တော့မှလက်လျှော့မှာ မဟုတ်ပါဘူး” လို့ တုံ့ပြန်ပါတယ်။

The Secret Handshake အဖွဲ့ဟာ အရင်ကလည်း သမ္မတကို လှောင်ပြောင်တဲ့အနေနဲ့ ရွှေဝါရောင် အိမ်သာကြီးတခု၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က လွှတ်တော် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ထရမ့်ပ်ထောက်ခံသူတွေရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ မစင်တုတွေပုံထားတဲ့ နန်စီပလိုစီရဲ့ စားပွဲပုံစံတူ တို့ကို ပြသခဲ့သေးပြီး မကြာသေးမီကလည်း အီရန်စစ်ပွဲ ပါဝင်ဆင်နွှဲမှု အမှတ်တရဆု ဆိုတဲ့ အထိမ်းအမှတ် ရုပ်တုကို စိုက်ထူးခဲ့ပါသေးတယ်။

ထရမ့်ပ်ရဲ့ ရှေ့နေဟောင်း မိုက်ကယ် ကိုဟန်ကတော့ ထရမ့်ပ်မှာ ခြေဖဝါးအရိုးအတက်ထွက်တဲ့ရောဂါအတွက် ဆေးကုသခဲ့တဲ့မှတ်တမ်းမရှိကြောင်းနဲ့ ထရမ့်ပ်က ‘မင်း ငါ့ကို ငတုံးထင်နေတာလား၊ ငါ ဗီယက်နမ်ကို သွားမှာ မဟုတ်ဘူး’ လို့ ပြောခဲ့ကြောင်း ၂၀၁၉ ခုနှစ်တုန်းက လွှတ်တော်မှာ ထွက်ဆိုခဲ့ဖူးပါတယ်။

Source: Independent

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013