
ပြည်သူတွေ ရေဘေးအန္တရာယ်ကြုံတွေ့နေရတုန်း ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စစ်အာဏာရှင်တပ်က အကြိမ် ၂၄၀ လောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၉၀ လောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
သြဂုတ် ၈ ရက်ကနေ ၂၃ ရက်အထိ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက ဒေသ ၁၁ ခုကို လေကြောင်းတိုက်ခိုက်မှု ၂၃၉ ကြိမ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွက် ပြည်သူ ၈၈ ယောက်သေဆုံး၊ ၁၅၇ ယောက် ဒဏ်ရာရပြီး ဘာသာရေးအဆောက်အအုံ ၁၀ ခု၊ စာသင်ကျောင်း ၃ ကျောင်းအပါအဝင် အဆောက်အအုံ ၁၅ ခု ပျက်စီးဆုံးရှုံးသွားတယ်လို့ စာရင်းမှာ ဖော်ပြပါတယ်။
မကွေးတိုင်းကို ၉၅ ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းကို အကြိမ် ၆၀၊ မန္တလေးတိုင်းကို ၂၇ ကြိမ်၊ ရခိုင်ပြည်နယ်ကို ၂၃ ကြိမ်၊ ရှမ်းပြည်နယ်ကို ၁၃ ကြိမ်၊ ကရင်ပြည်နယ်ကို ၁၀ ကြိမ်၊ ချင်းပြည်နယ်ကို ၆ ကြိမ်၊ ပဲခူးတိုင်းကို ၂ ကြိမ်၊ ကချင်၊ မွန်နဲ့ တနင်္သာရီကို ၁ ကြိမ်စီ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ၁၁ ယောက်၊ အသက်အရွယ်မသိရသူ ၁၇ ယောက်နဲ့ အသက် ၁၈ နှစ်အထက် အယောက် ၆၀ သေဆုံးခဲ့ပါတယ်။
အများဆုံး ထိခိုက်သေဆုံးတာကတော့ စစ်ကိုင်းတိုင်းမှာဖြစ်ပြီး သြဂုတ် ၈ ရက်ကနေ ၂၃ ရက်အထိ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်ကို အကြိမ် ၆၀ တိုက်ခိုက်ခဲ့လို့ ၃၇ ယောက်သေဆုံးပြီး ၅၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။











