
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်တဘက်ကမ်း ကရင်ပြည်နယ်ရှိ ကျားဖြန့်စခန်းကို သွားဖို့ပြင်နေတဲ့ တရုတ်အမျိုးသား ၇ ယောက်ကို ချွန်းပူးရီးခရိုင်မှာ ဖမ်းဆီးရမိတယ်လို့ ချွန်းပူးရီးဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
ချွန်းပူးရီးခရိုင်ရဲတပ်ဖွဲ့ဟာ Ghost Driver ဆိုတဲ့ စစ်ဆင်ရေးနဲ့ တရုတ်နိုင်ငံသားတွေအား တရားမဝင် တင်ဆောင်လာတာတွေကို နှိမ်နင်းဖမ်းဆီးနေတာမှာ ဩဂုတ် ၂၉ ရက်ကလည်း ချွန်းပူးရီးမြို့နယ် ဘန့်ဆွန်အုပ်စုအပိုင်းရှိ အမှတ် ၃၄၄ အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာဖွယ်ယာဉ်တွေကို စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် ဘန်ကောက်အဝင်လမ်းဘက် ဦးတည်မောင်းနှင်လာတဲ့ ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့တာမှာ ယာဉ်မောင်း ၂ ယောက်ဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး ကားပေါ်မှာ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၇ ယောက်ကို တင်ဆောင်လာပါတယ်။
ကားအတွင်းပိုင်း ဆက်လက်စစ်ဆေးရာ ကြမ်းခင်းအောက်မှာ ဝှက်ထားတဲ့ လက်ကိုင်ဖုန်း ၁၄ လုံးနဲ့ ကိုယ်ရေးအချက်အလက်ပါ စာမျက်နှာတွေ ဆုတ်ဖြဲထားတဲ့ နိုင်ငံကူးလက်မှတ် ၄ အုပ်ကို တွေ့ရှိလို့ ပစ္စည်းပိုင်ရှင် ဘယ်သူလဲဆိုတာကို ဘယ်သူကမှ ဝန်မခံတာကြောင့် တာဝန်ရှိသူတွေက စိစစ်ဖို့ သိမ်းဆည်းလိုက်ပါတယ်။
ထိုင်းယာဉ်မောင်း ၂ ယောက်ရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အဲဒီတရုတ်နိုင်ငံသား ၇ ယောက်ကို ကျန်ထပူရီခရိုင်ကနေ သွားကြိုလာပြီး ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ တဦးလျှင် ဘတ် ၁၀,၀၀၀ နှုန်းနဲ့ ငှားရမ်းခံရတာလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ အဆိုပါ တရုတ်နိုင်ငံသားတွေဟာ ဗီယက်နမ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ ကျန်ထပူရီခရိုင် ပုန်နမ့်ရွန့်ဒေသထဲကို နယ်စပ် တောလမ်းကနေ ဝင်ရောက်လာခဲ့တယ်။ အဲဒီမှာ သူတို့ရဲ့ ကွန်ရက်အဖွဲ့က ကားနဲ့သွားကြိုလာခဲ့တယ်။ ဦးတည်ရာမှာ ဘန်ကောက်ကို ဖြတ်ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့တဘက်ကမ်း မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင်းရှိ ကျားဖြန့်စခန်းတွေဆီ သွားရောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံသား ၇ ယောက်ရဲ့ နောက်ကြောင်းရာဇဝင်တွေ စစ်ဆေးရာမှာ တယောက်က အွန်လိုင်း လိမ်လည်မှု Telecom Fraud နဲ့ပတ်သက်ပြီး တရုတ်အစိုးရက အလိုရှိနေတဲ့ ဝရမ်းပြေးတယောက် ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ကွန်ရက်အဖွဲ့ဟာ ဒီနှစ် မေလက ဖမ်းဆီးနှိမ်နင်းခံရတဲ့နောက် မော်တော်ယာဉ် အဆင့်ဆင့်ပြောင်းပြီး လမ်းကြောင်းပုံစံပါ ပြောင်းလဲသွားလာလှုပ်ရှားတယ်၊ ဒေသခံတွေနဲ့ ရောနှောအောင် ပုံမှန် မော်တော်ကားတွေနဲ့ သွားလာကြတယ်၊ ဒါပေမဲ့ အဝေးပြေးလမ်းရဲတပ်ဖွဲ့ဟာ လှုပ်ရှားသွားလာမှုတွေ စောင့်ကြည့်ပြီး လမ်းကြောင်းခန့်မှန်းကာ အဆိုပါကား ၂ စီးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
Source: Chonburi News / CH7 TV News











