
စစ်တပ်ရဲ့ လေတပ်စခန်းရှိပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ကြီးစိုးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ကနေ တင်ပို့လိုက်တဲ့ မူးယစ်ဆေးဝါး ၁၆ ဘီလီယံကျော်ဖိုးကို ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ သတင်းစာက ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးတွေကို ဧပြီ ၂၀ ရက် ညပိုင်းက လွိုင်လင်မြို့၊ နေမင်းရောင်တိုးဂိတ်မှာ ၁၂ ဘီးကားတစ်စီးကို စစ်ဆေးရာကနေ ဖမ်းမိခဲ့တာပါ။
အဲဒီမူးယစ်ဆေးတွေကို အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တွေ ကြီးစိုးတဲ့ နမ့်စန်မြို့က ပြောင်းပွဲရုံတစ်ခုကနေ ကြက်စာအိတ်တွေနဲ့ရောပြီး တင်ပေးလိုက်တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ မူးယစ်ဆေးတွေ လာရောက်တင်ပို့သွားတဲ့ တရားခံအစစ်ကိုတော့ ဖမ်းမမိသေးဘဲ ကုန်တင်ကားသမား ၂ ယောက်နဲ့ ပွဲရုံပိုင်ရှင် ၂ ယောက်ကိုသာ ဖမ်းဆီးထားတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။










