
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသား ၁၂၀ နီးပါးရဲ့ မိဘတွေနဲ့ ဒေသခံတွေဟာ ဩဂုတ် ၂၀ ရက်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး အခုဆိုရင် ပျောက်ဆုံးနေတာ ၄ လလောက် ရှိနေပြီဖြစ်တဲ့ ကလေးတွေကို အမြန်ဆုံး ကယ်တင်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “ငါတို့ကလေးတွေကို ပြန်ခေါ်ပေးကြပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပြီး မေလနဲ့ ဇွန်လတုန်းက စီးနင်းတိုက်ခိုက်ခံရပြီးကတည်းက ကလေးတွေ သောင်းကျန်းသူတွေလက်ထဲ ရောက်သွားရတဲ့အတွက် ဝမ်းနည်းပူဆွေးစွာ ပြောဆိုခဲ့ကြပါတယ်။
မိဘတယောက်ဖြစ်သူ ပီးစ် နစ်ကိုးလပ်စ်က “ပျောက်ဆုံးနေတဲ့ ကလေးတွေထဲမှာ သူ့ရဲ့ ၃ နှစ်ခွဲအရွယ် ကလေးနဲ့ ၈ နှစ်ခွဲအရွယ် ကလေး ၂ ယောက်လုံး ပါသွားလို့ သနားငဲ့ညှာပြီး ကလေးတွေကို ကယ်ထုတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲဟာ ဇွန် ၂၉ ရက်က လက်ဆာမြို့ရှိ အစိုးရအထက်တန်းကျောင်းကို သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး အမျိုးသားအဆင့် စာမေးပွဲ ဖြေဆိုနေချိန် ကျောင်းသား ၃၆ ယောက်နဲ့ ဆရာတယောက်ကို ပြန်ပေးဆွဲ၊ တခြားဆရာတယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ။
အဲဒီမတိုင်ခင် မေလတုန်းကလည်း အနီးနားမှာရှိတဲ့ မွတ်ဆာကျေးရွာမှာ အလားတူ စီးနင်းတိုက်ခိုက်ခံရပြီး ကလေး အယောက် ၉၀ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ပထမအကြိမ် စီးနင်းခံရအပြီးမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကျောင်းသား ၁၀ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ကျန်တဲ့ကလေး အများအပြားကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အခုလို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုတွေဟာ မြောက်ပိုင်း နိုင်ဂျီးရီးယားမှာ ကျောင်းတွေကို ပစ်မှတ်ထား လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။
Source: Reuters











