
ရခိုင်ပြည်နယ်က ရေကြီးရေလျှံခဲ့တဲ့ မြို့နယ် ၁၁ ခုထက်မနည်းမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ဆက်ရှိလာနိုင်တာကြောင့် ကျောင်းတွေကို ပိတ်ခိုင်းထားတယ်လို့ ပညာရေး ဝန်ထမ်းတွေဆီက သိရပါတယ်။
ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်အထိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ရေကြီးရေလျှံခဲ့တာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား စတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်တယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ထုတ်ပြန်ပြီးနောက် အမျိုးသား ပညာရေးဌာနက ကျောင်းတွေကို ယာယီပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်က ပညာရေးဝန်ထမ်းတယောက်က “ကျောင်းတွေ တပတ်ပိတ်ထားဖို့ အမိန့်ထုတ်ထားတာရှိတယ်။ အထူးသဖြင့် ရေကြီးရေလျှံမှုတွေကြောင့် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတွေ အဖြစ်များလာနိုင်တာကြောင့် ကလေးတွေ အန္တရာယ်ကင်းဖို့အတွက် ကြိုတင်ပြီး ကျောင်းတွေကို ယာယီပိတ်ထားတာ။ ရှေ့အပတ်ဆိုရင် ပုံမှန်ပြန်ဖွင့်ပေးသွားမှာပါ” လို့ပြောပါတယ်။
ရခိုင်မှာ ရေကြီးရေလျှံ ဖြစ်ပွားခဲ့တဲ့ ဒေသတွေက ပြည်သူတွေဟာ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ အရေပြားရောဂါတွေ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါ A၊ အသည်းရောင် အသားဝါ E၊ လပ်တိုစပိုင်ရိုစ်ဆစ်ရောဂါနဲ့ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေးရောဂါတွေ ခံစားရနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရေကြီးရေလျှံမှုခဲ့တဲ့ မြို့နယ်တွေမှာ ကျောင်းအများစု ပိတ်ထားပေမဲ့လည်း ရေမကြီးခဲ့တဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာတော့ ကျောင်းတွေဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ရေကြီးတဲ့ဒဏ်ကို အများဆုံးခံခဲ့ရတဲ့ မင်းပြားမြို့နယ်မှာတော့ ကျောင်းတွေကို ပိတ်ထားရဆဲဖြစ်ပြီး ဒေသတွင်းသန့်ရှင်းရေးတွေ လုပ်နေကြရတယ်လို့ မင်းပြားမြို့နယ်က ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“ကျောင်းတွေကို တပတ်ပိတ်ထားဖို့ ညွှန်ကြားထားတာက တပြည်လုံး အတိုင်းအတာနဲ့ ညွှန်ကြားထားတာလို့ သိရတယ်။ မင်းပြားမြို့နယ်က ရေကြီးရေလျှံမှုဒဏ်ကို အကြီးမားဆုံး ခံခဲ့ရတာဆိုတော့ ကျောင်းတွေလည်း မဖွင့်နိုင်သေးဘူး။ ကျေးရွာတွေမှာ ရွှံ့နွံတွေကို သန့်ရှင်ရေးလုပ်တာနဲ့ သောက်ရေကန်တွေက ရေဆိုးရေညစ်တွေကိုပဲ အဓိကထား ထုတ်နေရတုန်းပဲ။ ကလေးတွေရဲ့ စိုးရိမ်မှုကြောင့်လည်း ကျောင်းတွေကို ပိတ်ထားတာ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ အာရက္ခအမျိုးသားပညာရေးဌာနက ကြီးကြပ်ပြီး ၂၀၂၄ ခုနှစ်ကစလို့ အခြေခံပညာရေးကျောင်းတွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။










