DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့ကို ဦးတည်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွား
DVB
·
May 8, 2026
Photo : DVB
Photo : DVB
Donate to DVB

ချင်ပြည်နယ် ရွှေကူမြို့ဘက်ကို ဦးတည်ပြီး စစ်အာဏာရှင်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးရွာဘက်က ရွှေကူမြို့နယ်ဘက်ကို စစ်အင်အား ၁,၀၀၀ ကျော်ပါဝင်တဲ့  စစ်ကြောင်း ဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ တောက်လျှောက်ဖြစ်ပွားနေပါတယ်။

မေ ၅ ရက်က ငါးအိုးရွာနဲ့ ရွှေကူမြို့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လတ်တလော စစ်ရေးတင်းမာ နေတဲ့အခြေအနေ ဖြစ်တယ်လို့ ရွှေကူရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ဒီဘက်ကို စစ်ကြောင်းထွက်လာတော့ လမ်းမတလျှောက် ထွက်လာတော့ မဘိမ်းလမ်းခွဲ မရောက်ခင် ၁၀၄မိုင်မှာ ဖြစ်တာ တိုက်ပွဲက။ ဖြစ်တာက ဒီဘက်ခြမ်းမှာက‌တော့ ၅ ရက်နေ့ တရက်ပဲ ဖြစ်သေးတော့။ ၅ ရက်နေ့ တၕက်ဖြစ်တာက မနက်ပိုင်း ၇ နာရီလောက်ကတည်းက ဖြစ်တာ၊ ညနေ ၆ နာရီခွဲလောက်မှ ပြီးတာ၊ တနေကုန်နီးပါးပဲ။ မနက်ပိုင်းကတော့ ပြင်းတယ်။ တနေကုန်ကတော့ ဒရုန်းကော လက်နက်ကြီးကော မြေပြင်ထိုးစစ်ကော လုပ်လာတော့ တောက်လျှောက်ပဲ ပစ်ခတ်မှု ဖြစ်တယ်။ ညနေခဏတော့ ငြိမ်သွားတယ်။ ဒါပေမဲ့ သူတို့ဘက်က ထိခိုက် ကျဆုံးလည်း များတယ်။ အထိနာပြီးတော့ အခုနှစ်ရက်ကတော့ ငြိမ်နေတယ်။”

လက်ရှိမှာတော့ စစ်ကော်မရှင်စစ်ကြောင်းဟာ ငါးအိုးရွာထဲမှာ အင်အားတဝက်နဲ့ ငါးအိုးရွာ အထွက် ဘက် ၁၀၄ မိုင်ဘက်မှာ အင်အားတဝက်အပြင် ငါးအိုးအခြေစိုက် ခလရ ၁၂၁ တပ်ရင်းမှာလည်း တပ်ဖြန့်ထားတယ်လို့ သိရှိရကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာရွာတွေကို ဒရုန်းနဲ့ပစ်ခတ်တာ အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က “၅ ရက်နေ့ကလည်း လေယာဉ်တကြိမ်လာပစ်တယ်။ ပစ်တာကလည်း တိုက်ပွဲနဲ့ တော်တော်ဝေးတဲ့ နေရာက ပြည်သူအိမ်ကို ပစ်သွားတယ်။ မိသားစု ၄ ယောက်ထိတယ်။ ကလေး ၂ ယောက်ပါတယ်။ ၁၀ နှစ်နဲ့ ၇နှစ်။ ၁၀ နှစ်ကလေးက စိုးရိမ်ရတယ်။ အဖေကလည်း စိုးရိမ် ရတယ်။ အမေကတော့ ဆေးရုံပို့ လမ်းမှာ ဆုံးသွားတယ်။ မနေ့က ညနေမှာကျတော့ ညနေ ၆ နာရီ ကျော်ကျော်လောက် ငုစင်ရွာကို ခွေးဘက်က suicide drone နဲ့ လာပစ်သွားတယ်၊ တိုက်ပွဲနဲ့လည်း မဆိုင်ဘူး၊ အဝေးကြီး၊ ပြည်သူတွေက အဲ့မှာ တော်တော်ထိသွားတယ်။ ၆ ယောက်လား မသိဘူး။ အိမ်ကတော့ မီးလောင်သွားတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်တွေ အခုလို စစ်ကြောင်းထိုးလာတာဟာ ရွှေကူမြို့ကတဆင့် မန္တလေး-ဗန်းမော် လမ်းကြောင်းအတိုင်း ဗန်းမော်မြို့ဘက်ကို စစ်ကူပေးနိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

ငါးအိုးရွာက ဗန်းမော် - မန္တလေးလမ်းပေါ်မှာ တည်ရှိပြီး မဘိမ်းမြို့နယ်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စစ်ကိုင်းတိုင်းနယ်စပ်နဲ့ ထိစပ်‌တဲ့မြို့နယ် ဖြစ်ပါတယ်။

ရွှေကူမြို့နယ်ထဲမှာတော့ မံစီ၊ မံဝိန်း၊ မံနား၊ စီသောင်၊ ငဘတ်ဝ အစရှိတဲ့ကျေးရွာအများစုကို ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားပြီး ရွှေကူမြို့နဲ့မြို့အနီးဝန်းကျင်က ကျေးရွာအနည်းစု ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားသလို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်မှာတော့ စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ပါ။

ဒါ့အပြင် ရွှေကူမြို့နယ်ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင်ထဲက မြို့နယ်တခုဖြစ်ပြီး မြစ်ကမ်းနဘေးမှာတည်ရှိတဲ့မြို့နယ် ဖြစ်ပါတယ်။

 ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013