
သမိုင်းက သူ့ရဲ့ အဆုံးအဖြတ်ကို ပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ အလွမ်းဇာတ်ကတော့ အဲဒီအဆုံးအဖြတ်ဟာ လူ့အသက်တွေကို ကယ်တင်နိုင်စွမ်းရှိနေချိန်မှာ နားထောင်မဲ့သူ သိပ်မရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်မတ်တတ်ရပ်နေခဲ့ချိန်မှာ၊ တချိန်က ကမ္ဘာကြီးက လေးစားအားကျခဲ့ရတဲ့ အမျိုးသမီးတယောက်ရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကျဆုံးခန်းကို မြင်တွေ့လိုက်ရပြီလို့ ကမ္ဘာကြီးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများ မမြင်လိုက်တာကတော့ အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က စက်ယန္တရားကြီးပဲ ဖြစ်ပါတယ်။ အဲဒီယန္တရားကြီးဟာ မြန်မာနိုင်ငံကို မျိုးဆက်နဲ့ချီပြီး ရက်ရက်စက်စက် အုပ်ချုပ်ခဲ့ပြီး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အုပ်ချုပ်ရေးစနစ် တခုလို ပုံဖော်ထားတဲ့ စစ်တပ်ယန္တရားကြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက်လိုစိတ်ဆိုတာ လူမျိုးတမျိုးတည်းအပေါ်၊ ဒါမှမဟုတ် တရားရုံးတခုရှေ့က စွဲချက်တခုတည်းမှာတင် ရပ်တန့်နေမှာမဟုတ်ဘူး ဆိုတာကို မကြာခင်မှာပဲ သူတို့ကိုယ်တိုင် သက်သေပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ ကပ်ဘေးကြီးဟာ အမှန်တရားတခုကို ငြင်းလို့မရအောင် ပြသလိုက်ပါတယ်။ အဲဒါကတော့ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ တရားဥပဒေကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း မဟုတ်ခဲ့ဘူးဆိုတာ ဖြစ်ပါတယ်။ သူတို့ဟာ ဖိနှိပ်ချုပ်ချယ်မှုတွေကို စနစ်တကျ တည်ဆောက်ထားတဲ့ ယန္တရားတခုသာ ဖြစ်ပါတယ်။ ရိုဟင်ဂျာရွာတွေ၊ ကရင်ရွာတွေကို မီးရှို့ခဲ့ပါတယ်။ ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်းနဲ့ ဗမာ အသိုက်အဝန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ရွေးကောက်ခံခေါင်းဆောင်တွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ သတင်းထောက်တွေ၊ ဆရာဝန်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကလေးငယ်တွေကိုပါ ထောင်ချခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကြီး ကိုယ်တိုင်ကလည်း စစ်တပ်ရဲ့ ချေမှုန်းဖျက်ဆီးခံရမဲ့ ပစ်မှတ်အသစ်တခု ဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ တကယ် သတိမထားမိလိုက်တာက အဲဒီဒုက္ခတွေကို ဖန်တီးနေတဲ့ စစ်တပ်ရဲ့ အာဏာယန္တရားကြီးကိုပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အမျိုးသမီးတယောက်ရဲ့ ကိုယ်ကျင့်တရားရေးရာ ဇာတ်လမ်းထဲမှာပဲ နစ်မြုပ်နေခဲ့ပြီး၊ နိုင်ငံတနိုင်ငံလုံးကို စစ်တပ် အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထုဆစ်ထားတဲ့ အဖွဲ့အစည်းကြီးကိုတော့ လျစ်လျူရှုထားခဲ့ပါတယ်။ အဖွဲ့အစည်း ယန္တရားကြီးကို လျစ်လျူရှုပြီး လူပုဂ္ဂိုလ် တဦး တယောက်ကိုပဲ အပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်တွေက သေနတ်တွေ၊ အကျဉ်းထောင်တွေ၊ ဝန်ကြီးဌာနတွေ၊ ငွေကြေးတွေနဲ့ ဗီတိုအာဏာတွေကို ဆုပ်ကိုင်ထားချိန်မှာ ကမ္ဘာကြီးကတော့ သင်္ကေတတွေအကြောင်းပဲ ငြင်းခုံနေခဲ့ကြပါတယ်။ ရလဒ်ကတော့ တရားမျှတမှု မဟုတ်ခဲ့ပါဘူး။ ကိုယ်ကျင့်တရား ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ သမိုင်းဆိုင်ရာ အမြင်ကွယ်မှုတခုသာ ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ဘဝအချိန်တော်တော်များများကို ဒီတပ်မတော်ကပဲ အကျဉ်းချထားခဲ့တာပါ။ သူဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာလည်း မဟုတ်သလို၊ တိုင်းရင်းသားတွေကို ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်ခဲ့တဲ့ တပ်ရင်းတွေကို ကွပ်ကဲခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ သစ္စာဖောက်သွားပြီဆိုတဲ့ ရိုးရှင်းတဲ့ ဇာတ်လမ်းလေးကို သဘောကျ မူးယစ်နေတဲ့ ကမ္ဘာကြီးအတွက်တော့၊ မြန်မာ့ဒီမိုကရေစီဟာ ဘယ်လို အကျဉ်းထောင်မျိုးထဲမှာ အတင်းအကျပ် လည်ပတ်နေရသလဲဆိုတာကို နားလည်အောင် ကြိုးစားတာထက်၊ ကျဆုံးသွားတဲ့ သင်္ကေတတခုကို ပြစ်တင်ရှုတ်ချလိုက်တာက ပိုပြီး လွယ်ကူနေခဲ့ပါတယ်။
ပြစ်မှုကတော့ ပြောင်းလဲမသွားပါဘူး။ သားကောင်တွေပဲ ပိုများလာတာပါ။ စစ်တပ်ဟာ အချက်တချက်မှာတော့ အမြဲတမ်း မျက်နှာမလိုက်တတ်ပါဘူး။ အဲဒါကတော့ သူတို့ရဲ့ အာဏာကို လာထိပါးတဲ့ ဘယ်သူ့ကိုမဆို ရက်ရက်စက်စက် နှိမ်နင်းတဲ့အချက် ဖြစ်ပါတယ်။ ရိုဟင်ဂျာ၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်း၊ ဗမာ၊ မွတ်စလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ကျောင်းသား၊ ရဟန်း၊ သတင်းထောက်၊ လယ်သမား၊ ဆရာဝန်၊ မိခင်၊ ကလေး... စသဖြင့် ခေါင်းစဉ်တွေသာ ပြောင်းသွားပေမဲ့ သူတို့ရဲ့ ယုတ္တိဗေဒကတော့ အတူတူပါပဲ။ သူတို့ရဲ့ ရန်သူဟာ တိုင်းရင်းသား လူမျိုးစုတခုတည်း မဟုတ်ပါဘူး။ စစ်တပ်ရဲ့ တကယ့်ရန်သူဆိုတာ သူတို့ကို အပြစ်ပေးနိုင်တဲ့ တရားဥပဒေ (တာဝန်ခံမှု)၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။
မတရားမှုကိုမြင်လို့ ဒေါသထွက်ရုံနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်ပြီလို့ ထင်နေတာဟာ အင်မတန် ဆိုးရွားတဲ့ မာနတမျိုးပါပဲ။ ဒေါသက လိပ်ပြာသန့်စိတ်ကို နိုးကြားစေနိုင်ပေမဲ့ သမိုင်းကြောင်းကို နားလည်မှုမရှိတဲ့ ဒေါသဟာ အကြမ်းဖက်မှုရဲ့ နောက်ထပ် ပုံစံတမျိုး ဖြစ်သွားနိုင်ပါတယ်။
မြန်မာနိုင်ငံဆိုတာ အဝေးကနေ ကြည့်နေသူတွေ စိတ်ကျေနပ်ဖို့အတွက် ဖန်တီးထားတဲ့ ကိုယ်ကျင့်တရားရေးရာ ပြဇာတ်တခု မဟုတ်ခဲ့ပါဘူး။ အခုလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေရင်း လူမျိုးရေးနဲ့ ဘာသာရေး အစုံလင်ဆုံး လူ့အဖွဲ့အစည်းတခုကို မပြိုကွဲအောင် ထိန်းသိမ်းနေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတော်တော်များများက ကန့်သတ်ချုပ်ချယ်ခံထားရတဲ့ ဒီမိုကရေစီ အကူးအပြောင်း ကျရှုံးမှုကို အမျိုးသမီးတဦးတည်းရဲ့ ကျရှုံးမှုနဲ့ ရောထွေးသွားခဲ့ကြပါတယ်။ ဝါဒဖြန့်ချိမှုတွေကို ခွဲခြမ်းစိတ်ဖြာမှုလို့ ထင်ခဲ့ကြပြီး၊ အကွဲကွဲအပြားပြား ဖြစ်နေတာတွေကို အမှန်တရားအဖြစ် မှတ်ယူကာ၊ တယူသန်မှုကို အသိပညာလို့ ထင်မှတ်မှားခဲ့ကြပါတယ်။ အာဏာရှင်စနစ်တွေရဲ့ အမြင်တွေကို လှည့်စားနိုင်စွမ်း၊ တိုင်းရင်းသားတွေရဲ့ နာကျင်ခံစားရမှုတွေကို လက်နက်သဖွယ် အသုံးချနိုင်စွမ်းနဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို အတွင်းပိုင်းကနေ လှိုက်စားဖျက်ဆီးနိုင်စွမ်းတွေကို ကမ္ဘာကြီးက လျှော့တွက်ခဲ့ကြပါတယ်။ အဲဒီလို လျှော့တွက်ခဲ့တဲ့ အကျိုးဆက်တွေက အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။
မြန်မာနိုင်ငံအရေးဟာ မြန်မာတနိုင်ငံတည်းရဲ့ အဖြစ်ဆိုးအလွမ်းဇာတ် မဟုတ်တော့ပါဘူး။ ဒါဟာ ဒီမိုကရေစီ နိုင်ငံတိုင်းအတွက် သတိပေးချက်တခု ဖြစ်လာပါတယ်။ အရပ်သားအစိုးရရဲ့ အာဏာထက် စစ်တပ်အာဏာက ပိုကြီးမားနေတဲ့အခါ၊ အမှန်တရားဟာ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေရဲ့အောက်ကို ရောက်သွားတဲ့အခါ၊ တရားဥပဒေဆိုတာ ဟန်ပြသက်သက် ဖြစ်သွားတဲ့အခါ၊ အာဏာရှင်စနစ်ဆိုတာ နောက်ဆုတ်သွားလေ့ မရှိပါဘူး။ သူတို့က စောင့်ဆိုင်းနေတတ်ပြီး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတတ်ကြပါတယ်။ မဟာဗျူဟာမပါတဲ့ ပြစ်တင်ရှုတ်ချမှုဆိုတာ ပြဇာတ်တခုလို ဟန်ပြသက်သက်သာ ဖြစ်ပါတယ်။
နောက်ကျနေတဲ့ တရားမျှတမှု ဆိုတာ အလိုလို ပျောက်ကွယ်သွားတာ မဟုတ်ဘဲ အခြေအနေကို ပိုပြီး ဆိုးရွားလာစေတာပါ။
ဒီနေ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အထီးကျန်ဆန်စွာနဲ့ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ဘယ်မှာရှိနေတယ်ဆိုတဲ့ မရေရာမှုတွေကြားမှာ မိသားစုကတော့ သူသက်ရှိထင်ရှား ရှိနေသေးကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို ဆက်လက်တောင်းဆိုနေကြဆဲပါ။ ပြီးခဲ့တဲ့အပတ်ကပဲ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ သူနဲ့ တွေ့ဆုံခွင့် တောင်းဆိုမှုကို မြန်မာစစ်အာဏာရှင်တွေက ငြင်းပယ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်သူ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး၊ လူသောင်းနဲ့ချီ ဖမ်းဆီးခံထားရပါတယ်။ ရွာတွေ မီးရှို့ခံရပြီး ဆေးရုံတွေ၊ ကျောင်းတွေ ဗုံးကြဲခံနေရပါတယ်။ သတင်းထောက်တွေ ထောင်ချခံရပြီး နိုင်ငံတနိုင်ငံလုံးရဲ့ ဒီမိုကရေစီအနာဂတ်ဟာ အကျပ်ကိုင်တာကို တရားဝင်မှုလို့ ထင်မှတ်မှားနေတဲ့ လူတစုရဲ့ ဓားစာခံဖြစ်နေရပါတယ်။
မြန်မာနိုင်ငံက သနားညှာတာမှုကို တောင်းခံနေတာ မဟုတ်ပါဘူး။ သနားညှာတာမှုဆိုတာ ဒီလောက် သတ္တိရှိတဲ့ နိုင်ငံတနိုင်ငံအတွက် သေးငယ်လွန်းပါတယ်။ သူတို့ တောင်းဆိုနေတာက ကိုယ်ကျင့်တရားဆိုင်ရာ မျှော်တွေးနိုင်စွမ်း၊ သမိုင်းကြောင်းအရ ရိုးသားမှုနဲ့ မီးခိုးနဲ့ မီးကို ခွဲခြားသိမြင်နိုင်တဲ့၊ သင်္ကေတနဲ့ ဖွဲ့စည်းပုံကို ခွဲခြားသိနိုင်တဲ့၊ တရားခံနဲ့ ဒီအခြေအနေကို ဖန်တီးခဲ့သူကို ခွဲခြားသိနိုင်တဲ့ စည်းကမ်းရှိမှုတို့ပဲ ဖြစ်ပါတယ်။
သမိုင်းကတော့ သူ့ရဲ့ အဆုံးအဖြတ်ကို ပေးခဲ့ပြီးပါပြီ။ အခု မေးရမဲ့ မေးခွန်းကတော့ နောက်ဆုံးမှာ တစုံတယောက်ကများ နားထောင်ပေးပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်။
အလန်ကလင်းမန့်စ်
Ref: Bangkok Post
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
စာရေးဆရာ အလန်ကလင်းမန့်စ်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်လည်း ဖြစ်သလို မြန်မာနိုင်ငံမှာ ရဟန်းဝတ်ခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးဟောင်းတပါးလည်း ဖြစ်ပါတယ်။
သူဟာ စာအုပ်ပေါင်း ၁၇ အုပ်ကို ရေးသားခဲ့ပြီး အဲဒီအထဲမှာ 'အာဏာရှင်တဦးနှင့် စကားပြောခြင်း (Conversation with a Dictator)'၊ 'နှုတ်ပိတ်မခံရသူ- ဒေါ်အောင်ဆန်းစုကြည်- မြန်မာ့အကျဉ်းထောင်တခုမှ စကားဝိုင်းများ (Unsilenced: Aung San Suu Kyi -- Conversations from a Myanmar Prison)' နဲ့ 'နှလုံးသားနိုင်ငံရေး- အကြမ်းဖက်မှုခေတ်ရှိ အကြမ်းမဖက်ရေး (Politics of the Heart: Nonviolence in an Age of Atrocity)' စတဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။










