DVB Logo
Home
စာအုပ်အညွှန်း
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့် အာဏာနိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်
DVB
·
September 10, 2026
Photo : DVB
Photo : DVB
Donate to DVB

Penguin စာအုပ်တိုက်ကနေ ထုတ်ဝေလိုက်တဲ့ “Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy” အမည်ရ စာအုပ်သစ် မိတ်ဆက်ပွဲနဲ့ စာရေးသူ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၁၀ ရက် ညနေက ချင်းမိုင်မြို့ PAYAP တက္ကသိုလ် နိုင်ငံတကာကောလိပ်မှာ ကျင်းပခဲ့ပါတယ်။

ဒီစာအုပ်ဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်လာချိန်ကနေ အစိုးရတာဝန်ယူခဲ့တဲ့ ကာလအပါအဝင် လက်ရှိအချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးခရီးလမ်းနဲ့ အာဏာရှင်အမွေဆိုးရဲ့ အကန့်အသတ်တွေကြား ရုန်းကန်ခဲ့ရပုံတွေကို ခြုံငုံဆန်းစစ်ထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာအရေးအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီမိုကရေစီသူရဲကောင်းအဖြစ်ကနေ သစ္စာဖောက်သူအဖြစ် အမြင်ပြောင်းလဲလာမှုတွေအပေါ် သူဟာ တကယ်ပဲ အရေခြုံနိုင်ငံရေးသမားလား၊ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးလက်တွေ့ဘဝထဲက တောင့်တင်းခိုင်မာတဲ့ နိုင်ငံရေးသမားတဦးအဖြစ် ရပ်တည်ခဲ့သလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ စူးစမ်းဖော်ထုတ်ထားတယ်လို့ စာရေးသူ မမွန်မွန်မြတ်က ပြောပါတယ်။

"အဓိက ဒီစာအုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလက်ထက်မှာပေါ့နော်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဒီ အာဏာရှင်အမွေဆိုးအောက်က စနစ်တခုအောက်မှာ သူ့မှာရှိတဲ့ အကန့်အသတ်၊ ရရှိထားတဲ့ အာဏာအကန့်အသတ်လေးနဲ့ ဘယ်လိုခက်ခက်ခဲခဲ လှုပ်ရှားရုန်းကန်ခဲ့သလဲဆိုတာကို ရှာဖွေထားတာပေါ့နော် ဒီထဲမှာ။ အထူးသဖြင့် သူစပြီးတော့ နိုင်ငံရေးသမားတဦးအနေနဲ့ မြန်မာနိုင်ငံရေးလောကထဲ ဝင်လာခဲ့ကတည်းကနေ အခုအချိန်ထိ သူလျှောက်လှမ်းခဲ့ရတဲ့ နိုင်ငံရေးခရီးလမ်းကို ခြုံငုံသုံးသပ်ထားတဲ့ စာအုပ်ပါပဲ အဓိက။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ “ဒီမိုကရေစီဆိုတာ အနောက်တိုင်းကလာတာ” ဆိုတဲ့ အာဏာရှင်တွေရဲ့ အယူအဆကို တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပြီး ဗုဒ္ဓဘာသာကျင့်ဝတ်နဲ့ မင်းကျင့်တရား ၁၀ ပါးကို အခြေခံတဲ့ ‘မြန်မာ့မျိုးရင်း ဒီမိုကရေစီ’ အယူအဆကို မြန်မာပြည်သူတွေအကြား ဖြန့်ဝေကျင့်သုံးပြခဲ့တယ်လို့ စာရေးသူက သုံးသပ်ပါတယ်။

စာအုပ်ပြုစုရာမှာ အခက်ခဲဆုံး အပိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်ပိုင်နိုင်ငံရေးအတွေးအခေါ် (Political Philosophy) အခိုင်အမာ ရှိကြောင်း သက်သေပြရတာဖြစ်ပြီး၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားအားလုံး အာဏာရှင်အမွေဆိုးကနေ လွတ်မြောက်ဖို့ “အကြောက်တရားကင်းရေး” ဆိုတဲ့ သူ့ရဲ့နိုင်ငံရေးအတွေးအခေါ်ဟာ အနာဂတ်မျိုးဆက်တွေအထိ ဆက်လက်အရေးပါနေဦးမယ်လို့ စာရေးသူ မမွန်မွန်မြတ်က ထောက်ပြထားပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်ရဲ့ တစိုက်မတ်မတ်က အုပ်ချုပ်သူပဲဖြစ်ဖြစ်၊ အုပ်ချုပ်ခံလူတန်းစားပဲဖြစ်ဖြစ် ဒီလိုမျိုး အာဏာရှင်အမွေဆိုးကနေပြီးတော့ လွတ်မြောက်ဖို့ဆိုလို့ရှိရင် အကြောက်တရားကင်းမှရမယ်။ အဲဒီ Concept က သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်ရဲ့ အခြေခံပဲ။ အုပ်ချုပ်သူလူတန်းစားဘက်မှာလည်း အချိန်မရွေး အာဏာချိန်ခွင်လျှာ ပြောင်းသွားတဲ့အခါမှာ ဒီအာဏာရှင်အမွေဆိုးကို ကျော်လွှားဖို့ ဘယ်အတွေးအခေါ်ကို လက်ကိုင်ထားရမလဲဆိုတာ အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်က နှစ်ပေါင်းများစွာ ကြာရှည်နေဦးမယ်။ မျိုးဆက်ပေါင်းများစွာအတွက် အရေးကြီးတဲ့ နိုင်ငံရေးအတွေးအခေါ် ဖြစ်ပါတယ်။"

ဒီစာအုပ်မိတ်ဆက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ မြန်မာ့ဒီမိုကရေစီအရေး အနာဂတ်အလားအလာတွေအပေါ် တက်ရောက်လာကြတဲ့ ပညာရှင်တွေ၊ စိတ်ပါဝင်စားသူတွေအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013