
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရေး စစ်အာဏာရှင်ကို ဖိအားပေးဖို့အပါအဝင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အချက် ၇ ချက်ပါ တောင်းဆိုစာကို ဂျပန်နိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက ဩဂုတ် ၂၅ ရက် ညနေပိုင်းမှာ ဂျပန်အစိုးရထံ သွားရောက်ပေးအပ်ခဲ့ပါတယ်။
အဆိုပါ တောင်းဆိုစာကို ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲနဲ့ နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှီမိဆုတို့ထံ လိပ်မူထားပြီးပေးပို့ခဲ့တာပါ။
တောင်းဆိုချက် ၇ ချက်ထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်ပေးရေး မြန်မာစစ်အာဏာရှင်ကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် တောင်းဆိုပေးဖို့၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်ပေါ်ပေါက်လာစေရေးအတွက် ဆက်လက် ကူညီပေးဖို့နဲ့ မြန်မာစစ်တပ်ကို ဘယ်လို အကူအညီမှ မပေးအပ်ရေးအတွက် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို ဂျပန်နိုင်ငံက တိုက်တွန်းပေးဖို့လည်း တောင်းဆိုထားပါတယ်။
တောင်းဆိုစာ ပေးအပ်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဆွေက "လက်ရှိ မြန်မာ့အရေးမှာ ဂျပန်အစိုးရက ပိုမိုတက်ကြွစွာ ဦးဆောင်ပါဝင်ပေးဖို့ ရည်ရွယ်ပြီး အခုလို တောင်းဆိုစာကို လာရောက်ပေးအပ်တာ ဖြစ်ပါတယ်" DVB ကို ပြောပါတယ်။
တောင်းဆိုစာ ပေးအပ်ပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှ ဒီနေ့အထိ မြန်မာနိုင်ငံအတွင်း ကျေးရွာတွေနဲ့ အရပ်သား နေရာတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံတွေပါ တိုက်ခိုက်ခံနေရတာ၊ ပြည်သူ သန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ We For All အဖွဲ့မှ ကိုမျိုးမင်းဆွေက DVB ကို ပြောပါတယ်။
တောင်းဆိုစာမှာ ထူးခြားတခုအဖြစ် နိပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ ဆာဆာကာဝါရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေအပေါ် ဂျပန်အစိုးရရဲ့ တရားဝင် ရပ်တည်ချက်ကို ရှင်းလင်းပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့ပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်လာစေဖို့ ထိရောက်တဲ့ သံတမန်ရေး ဖိအားတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်ပေးဖို့၊ နယ်စပ်ဒေသတွေမှာ စစ်ဘေးနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့နဲ့ ဂျပန်ရောက် မြန်မာတွေရဲ့ နေထိုင်ခွင့်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ထည့်သွင်းစဉ်းစား ဆက်လက် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထား ပါတယ်။
အဆိုပါ တောင်းဆိုစာကို ဂျပန်နိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်တွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်ထံ ပေးအပ်ခဲ့ပြီး မိနစ် ၃၀ နီးပါးကြာ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါတယ်။











