
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကောင်ရှိ နာမည်ကြီး ကုန်တိုက် ၃ ခုကို တာဝန်ရှိသူတွေက ဇူလိုင် ၂၁ ရက်က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမားအများစုအပါအဝင် အလုပ်သမားဥပဒေနဲ့ မကိုက်ညီတဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၃၅ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်သူတွေ၊ ထိုင်းအမည်ခံပြီး စီးပွားရေးလုပ်နေတာသူတွေကို ဖမ်းဆီးနှိမ်နင်းဖို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဥပဒေ ချိုးဖောက်မှု ကာကွယ်နှိမ်နင်းရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့နဲ့ စစ်တပ်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စီးပွားရေးအချက်အချာကျတဲ့ ဘန်ကောက်မြို့လယ်ရှိ ပလက်တီနမ်ဖက်ရှင်မောလ်၊ အင်ထရာစကွဲယား ရှော့ပင်းစင်တာနဲ့ ပတူနမ်း စတဲ့ ကုန်တိုက်ကြီး ၃ ခုထဲကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။
အဲဒီကနေ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၃ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၃၅ ယောက်တို့ကို ဖမ်းဆီးခဲ့တယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ၊ အိန္ဒိယ၊ လာအို၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ ၂၇ ယောက်နဲ့ အများဆုံးပါဝင်ပါတယ်။
သူတို့တွေဟာ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်တာ၊ အလုပ်သမား မှတ်ပုံတင်ကတ် မရှိတာတွေကြောင့် အလုပ်သမားဥပဒေပုဒ်မ ၈ နဲ့ ပုဒ်မ ၁၀၁ နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းအလုပ်သမားဥပဒေအရ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်နေသူတွေ၊ တားမြစ်ထားတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်သူတွေဟာ ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ကျခံရမှာဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်တယ်။
ဒါ့အပြင် ဥပဒေနဲ့ မညီတဲ့ အလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေဟာလည်း အလုပ်သမား တယောက်အတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ကျခံရမှာဖြစ်ပြီး အဆိုပါပြစ်မှုကို ထပ်ခါတလဲလဲ ကျူးလွန်ရင် ထောင်ဒဏ် ထပ်မံအပြစ်ပေးခံရမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Amarin TV News / FM91 / ထိုင်းအလုပ်သမားဝန်ကြီးဌာန











