DVB Logo
Home
မြန်မာသတင်း
လားရှိုးထောင်မှ လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲနေ
DVB
·
August 15, 2026
Photo: MOI
Photo: MOI
Donate to DVB

လားရှိုးအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ လွတ်မြောက်နယ်မြေ ရောက်ရှိနေကြပေမဲ့ စားဝတ်နေရေးနဲ့ အိမ်ငှားခ စရိတ်စကတွေကြားမှာ ပြင်းထန်စွာ ရုန်းကန်နေရပြီး ကျန်းမာရေး ထိခိုက်လာပါက ဆေးကုသဖို့အတွက်ပါ အခက်အခဲကြီးစွာ ကြုံတွေ့နေကြရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။ 

အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ရှမ်းမြောက် လွတ်မြောက်နယ်မြေမှာ လာရောက်ခိုလှုံနေရသူ အမျိုးသမီးတယောက်က စားဝတ်နေရေးနဲ့ ဘာသာစကား အခက်အခဲတွေကြောင့် အလုပ်အကိုင် ရရှိဖို့ မလွယ်ကူတဲ့အကြောင်း ပြောပါတယ်။

"အဓိကက ပြောချင်တာ ကိုယ့်မြို့ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ ဘာသာစကားကို ကိုယ်က ကျွမ်းကျွမ်းကျင်ကျင် နားမလည်ဘူး။ အဲလိုမျိုး ဖြစ်တဲ့အတွက်မို့ အလုပ်တွေ ဘာတွေ သွားလုပ်မယ် ဆိုရင်လည်း အဲ ဘာသာစကားမတတ်တဲ့အတွက် ခက်ခဲတယ်။ တော်ရုံ တန်ရုံ အလုပ်ခန့်ဖို့လည်း ရှားတယ်။"

ဒါ့အပြင် တရားဝင် နေထိုင်ခွင့်နဲ့ သွားလာခွင့် အထောက်အထား လုပ်ဖို့လိုအပ်တာကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေရတဲ့အတွက် အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေအနေနဲ့ ခိုလှုံခွင့် အထောက်အထား တခုခု လုပ်ပေးပေးစေချင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသူဟောင်းက တောင်းဆိုထားပါတယ်။

"ကျနော်တို့မှာ ကျဉ်းထဲ ကျပ်ထဲ ရောက်သလိုပေါ့ အရမ်း ဘေးကြပ်နံကြပ် ဖြစ်တာကြောင့်မို့လို့ ကျနော့် ရင်ထဲက တင်ပြချင်တယ်။ တောင်းဆိုချင်တာကတော့ ခိုလှုံခွင့် တနေရာစာ။”

အလားတူပဲ သိန္နီ ဒေသတွင်း ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အိမ်ငှားနေရတာဖြစ်ပြီး  ဝင်ငွေနဲ့ ထွက်ငွေ မမျှတဘဲ စားသောက်စရိတ်တွေကို လျှော့ချကာ အဆင်ပြေအောင် မနည်းရုန်းကန်နေကြရကြောင်း နောက်ထပ် နိုင်ကျဉ်း လူငယ်တယောက်ကလည်း ရှင်းပြပါတယ်။

"ထမင်း ၂ ပန်းကန်စားမဲ့ လူက ၁ ပန်းကန် လျှော့စားရတယ်။ သုံးနပ်စားနေတဲ့ လူက ၂ နပ်စားပေါ့။ ၁ နပ်လျှော့ စားလိုက်တယ်။ ဟင်း ၂ ခွက် စားတဲ့ သူက ၁ ခွက်စား ပေါ့။ အဲလိုပဲ လျှော့ပြီးတော့ ဒီ ဝင်ငွေနဲ့ ထွက်ငွေ မျှအောင် ပြန်သွားရတယ်။"

ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဆေးကုသစရိတ် မတတ်နိုင်တဲ့အတွက် ဝေဒနာကို ကြံ့ကြံ့ခံနေရတဲ့ အခြေအနေအထိ ဆိုးရွားနေတယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

"အများစု အဆင်မပြေတဲ့လူတွေ တော်တော်များများ ကျန်းမာရေး ဖြစ်လာပြီဆိုလို့ ရှိရင် ပေ ခံနိုင်ရင်ခံ၊ မခံနိုင်ရင် သေ။ ဒီ ၂ ခုပဲ ရှိတယ်ပေါ့နော်။" 

စစ်ကြောရေးမှာ နှစ်ရှည်လများ ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ခုချိန်ထိ ဆေးစွဲသောက်နေရပြီး မွေးရာပါ နှလုံး ရောဂါအခံပါ ရှိသူ နောက်ထပ် နိုင်ကျဉ်း လူငယ်တယောက်ကလည်း စစ်ကြောရေးဒဏ်တွေနဲ့ ပတ်သက်လို့ အခုလို ထုတ်ဖော်ပြောပါတယ်။

"စစ်ကြောရေးမှာ တလ တိတိ ရိုက်နှက်ခံလာခဲ့ရတဲ့ ဒဏ်တွေကလည်း အခုချိန်ထိ မိုးအုံ့တာတို့ ဆောင်း၊ အေးတာတို့ ဆိုရင်လည်း အခုချိန်ထိ ဆေးလိမ်း၊ ဆေးသောက်နေရတုန်းပါ။ ခုချိန်ထိပါပဲ။ ဒိုင်ကလို ဆိုတာ ကျနော့်အတွက် အဖော်ပဲ ဖြစ်နေပါပြီ။"

သူကတော့ မိသားစုရဲ့ အမွေဖြတ် စွန့်လွှတ်တာခံခဲ့ရပေမဲ့ တော်လှန်ရေးကိုပဲ ဆက်လက်ရွေးချယ်ခဲ့ပြီး လက်ရှိမှာ စစ်ဘေးရှောင် ကလေးသူငယ်တွေကို စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးရင်း ခက်ခဲစွာ ရပ်တည်နေရတာလို့  နိုင်ငံရေးအကျဉ်းသူ လူငယ်တယောက်က ပြောပါတယ်။ 

ကျန်းမာရေး ထိခိုက်လာပါက ရင်ဘတ်တူ၊ ဘဝတူတွေဆီက ချေးငှားကာ ကုသရပြီး စားဝတ်နေရေးအတွက် လုံလောက်စေဖို့ မိမိတတ်ထားတဲ့ လက်မှုပညာ၊ ဈေးရောင်းဈေးဝယ် လုပ်ပြီး လိုချင်တာတွေကို မျိုသိပ်ကာ လုံလောက်အောင် ‌ချွေတာ သုံးစွဲရတယ်လို့လည်း ပြောပါတယ်။ 

လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာသူ စုစုပေါင်း ၂၁၈ ယောက်ရှိပြီး အလင်းဝင်သွားသူတွေလည်း အယောက် ၂၀ လောက်ရှိကာ လက်ရှိ တော်လှန်ရေးဘက်မှာ ဆက်လက်ရပ်တည်နေသူ ၁၀၀ ကျော် ရှိနေကြောင်း သိရပါတယ်။

အခက်အခဲမျိုးစုံ ကြုံတွေ့နေရပေမဲ့လည်း တော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီး အိမ်ပြန်နိုင်ဖို့အတွက် ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်သွားကြမယ်လို့ နိုင်ကျဉ်းတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက လားရှိုး - မူဆယ်နဲ့ လားရှိး - ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဗျူဟာမြောက် သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက် လားရှိး အကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံ‌ရေးကျဉ်းသားတွေဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ထောင်ပွင့် လွတ်မြောက်လာခဲ့ကြပြီး လက်ရှိ လွတ်မြောက်နယ်မြေတွေမှာ ခက်ခဲစွာ ခိုလှုံရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013