
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး ခြေချင်းခတ် တိုက်ပိတ်ထားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက် (JNPP) က စက်တင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သာယာဝတီအကျဉ်းထောင် ထောင်ပိုင်လေး ဦးအေးမင်းရဲ့ ဦးဆောင်ညွှန်ကြားမှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမဲ့ သံသယစွပ်စွဲကာ ရိုက်နှက်ခဲ့လို့ ဦးခေါင်းကွဲအက်တဲ့အထိ ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ JNPP က ထုတ်ပြန်ပါတယ်။
အဲဒီလို ရိုက်နှက်ခံရသူတွေထဲက ကိုနေလင်းလွင်၊ ကိုအောင်ခန့်ဇော်နဲ့ ကိုဇော်မျိုးထိုက်တို့ ၃ ယောက်ကတော့ ဒဏ်ရာအများအပြား ရရှိထားပြီး ခြေချင်းခတ် တိုက်ပိတ်ခံထားရတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင် အာဏာပိုင်တွေရဲ့ အခုလိုလုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ပြည်တွင်း တည်ဆဲဥပဒေမတွေကို ချိုးဖောက်နေတာဖြစ်လို့ ဒါတွေကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိရေး တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ JNPP က ထုတ်ပြန်ပါတယ်။











