
မတ် ၁၈ ရက် ဒီနေ့ကစလို့ လျှပ်စစ်မီးကို အလှည့်ကျဖြတ်တော့မယ်လို့ စစ်ကောင်စီ ဩဇာခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားတဲ့ရက်တွေကစလို့ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့နဲ့ လက်ရှိအချိန်မှာ ရာသီဥတု ပူပြင်းတာကြောင့် ဝန်အားသုံးစွဲတာ မြင့်လာတာကို ထိန်းညှိနိုင်ဖို့အတွက် ဓာတ်အားထုတ်လုပ်နိုင်တာနဲ့ ချိန်ညှိပြီး တချို့နေရာ အချိန်တွေမှာ ဝန်အားမျှတခွဲဝေဖြန့်ဖြူးတာ (Planned Load Shedding) အစီအစဉ်တွေ စတင်တော့မယ်လို့ ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းနဲ့ ဓာတ်အားပေးတဲ့လိုင်းတွေမှာတော့ မီးမဖြတ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားမယ်လို့ ဆိုပါတယ်။
အခုအခါ နွေရာသီရောက်လာလို့ ပုံမှန်ဆိုရင် ဆည်တွေမှာ စုဆောင်းထားတဲ့ရေတွေကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ဖို့အတွက် စတင်ထိန်းသိမ်းရမဲ့ အချိန်ကာလ ဖြစ်ပေမဲ့ တက္ကသိုလ်ဝင်စာမေးပွဲမဖြေခင်နဲ့ ဖြေနေချိန်မှာ မီးမဖြတ်ဘဲ တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တနေ့မှာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ရှိပြီး လက်ရှိမှာတော့ ၇၇ ရာခိုင်နှုန်းဖြစ်တဲ့ ၃၆၀၀ မဂ္ဂါဝပ်လောက်ကို ထုတ်လုပ်ဖြန့်ဖြူးနေပြီး အဓိကဓာတ်အားလိုင်းတချို့ ဖျက်ဆီးခံထားရတာကြောင့်လို့ အကြောင်းပြပေမဲ့ သဘာဝဓာတ်ငွေ့ရတာနည်းတာနဲ့ ရေအားလျှပ်စစ်စက်ရုံတွေက ထွက်သင့်တဲ့ပမာဏ မထွက်တာကိုတော့ ရေရေရာရာ ရှင်းပြထားတာ မရှိပါဘူး။
လက်ရှိမှာတော့ မန္တလေးခရိုင်မှာ မီးဖြတ်မဲ့ အုပ်စုဇယားကို ထုတ်ပြန်ထားပြီး ရန်ကုန်မှာတော့ သက်ဆိုင်ရာရုံးတွေကရော ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကပါ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။










