
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်သားတယောက်ဟာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဧပြီ ၇ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ စစ်သားဟာ MA1 တလက်နဲ့အတူ အလင်းဝင်ရောက်လာတာကြောင့် ဆုငွေ ကျပ် ၂၅ သိန်းကိုလည်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခင်ဦးပကဖ အဖွဲ့ဝင်တယောက်က “ခင်ဦးမြို့ အထက်တန်းစာသင်ကျောင်းမှာနေတဲ့ အဖွဲ့ထဲက တယောက်ပါ။ စစ်သားအစစ်တော့ မဟုတ်ဘူး။ ပေါ်တာအဆွဲခံရသူပေါ့ဗျာ။ ပြည်သူဘက် ရပ်တည်လာတာဆိုတော့ ကြည်ကြည်ဖြူဖြူနဲ့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ နောက်ထပ်လည်း အလင်းဝင်လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ အသက်အန္တရာယ် လုံးဝမရှိစေရဘူးလို့ အာမခံပါတယ်” လို့ ပြောပါတယ်။
မတ်လကုန်ပိုင်းကလည်း ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီဘက်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်မှုတွေ ရှိနေပေမဲ့လည်း မြေပြင်လုံခြုံရေးအရ သတင်းထုတ်ပြန်မှု မလုပ်တာလို့ သိရပါတယ်။










