
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာစဉ်ရွာနဲ့ ကုန်းကြီးရွာကို စစ်တပ်က စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီ ၂၈ မိနစ်လောက်နဲ့ ၉ နာရီ ၃၈ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခင်ဦး ဒေသခံတယောက်က “ရွာစဉ်ရွာကို အရင်ကြဲချတာ။ ချတာက စာသင်ကျောင်းကိုကြဲတဲ့ သဘောရှိတယ်။ ဗုံးသီးကျတာက စာသင်ကျောင်းအရှေ့မှာရှိတဲ့ ဘောလုံးကွင်းထဲကို ကျတာ။ အဲရွာ ကတော့ ထိခိုက်အပျက်စီးမရှိခဲ့ဘူး။ ရွာစဉ်ရွာကို ကြဲချပြီး ကုန်းကြီးရွာကို ထပ်ပြီးသွား ကြဲတယ်။ အဲဒီ ၂ ရွာစလုံးကို လေယာဉ်က တစီးတည်းနဲ့ လာကြဲတာ။ ကုန်းကြီးရွာကြဲချတာက ဘုန်းကြီးကျောင်းအနီး ကတ္တာရာလမ်းပေါ် ကြဲချတာ။ အဲလိုကြဲချလို့ အနီးးအနားက ပန့်ဆီဆိုင် ဗုံးစတွေ ဝင်မှန်ပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ကျည်စထိမှန်ပြီး အဆောက်အအုံ တလုံး မီးလောင်ပျက်စီးခဲ့ရတယ်” လို့ ပြောပါတယ်။
ရွာစဉ်ရွာနဲ့ ကုန်းကြီးရွာကို စစ်တပ်က လေကြောင်းကနေ လာရောက်ဗုံးချတာဟာ အခုအကြိမ်နဲ့ ဆိုရင် ၂ ကြိမ်အထိရှိပြီလို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စစ်တပ်ကယုတ်မာပြီး လာကြဲချတာပါ။ အဲဒီရွာတွေကို စစ်တပ် သတင်းပေးတွေက ပုဂ္ဂိုလ်ရေးရာ မုန်းတီးမှုရှိလို သတင်းအမှားပေး၊ လေကြောင်းကနေ တိုက်ခိုက်ခိုင်းတာ ဖြစ်နိုင်တယ်လို့ပဲ ယူဆရတာပဲ။ ဒီအကြိမ်နဲ့ ဆိုရင် ၂ ရွာစလုံး ၂ ကြိမ်ရှိနေပြီဗျ။ တရွာကို ဗုံးသီးတလုံးနှုန်းနဲ့ ၂ လုံး ကြဲချသွားတာ။”
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ လေကြောင်းအန္တရာယ်ကို ပိုမို ဂရုစိုက်ကြဖို့ ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်တွန်းထားပါတယ်။











