
အီရန်နိုင်ငံ ဘန်ဒါအဘတ်စ်လေဆိပ်နားကို အမေရိကန်က မေ ၂၈ ရက် မနက်အစောပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဖော်ပြပြီးတဲ့နောက် ဒေသစံတော်ချိန် မနေ့ မနက် ၄ နာရီ မိနစ် ၅၀ မှာ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အီရန်အခြေစိုက် တက်စ်နင်မ်သတင်းဌာနက ဖော်ပြပါတယ်။
အခြေစိုက်စခန်း ဘယ်မှာရှိတယ်ဆိုတာကိုတော့ IRGC က မပြောပါဘူး။ အမေရိကန်ရဲ့ ရန်လိုမှုလို့ အီရန်က ခေါ်ဆိုခဲ့ပြီး ထပ်လုပ်ရင် ပိုပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ပြီး အကျိုးဆက်တွေအတွက် ရန်လိုသူမှာ တာဝန်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ အမေရိကန်တပ်တွေနဲ့ ရေကြောင်းသွားလာမှုအတွက် ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ စွပ်စွဲခံရတဲ့ အီရန်စစ်ဘက်နေရာတခုအပေါ် အသစ် တိုက်ခိုက်ခဲ့တယ် လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက ဘန်ဒါအဘတ်စ်ဆိပ်ကမ်းနားမှာ တိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ဒါမှ မဟုတ် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ဘန်ဒါအဘတ်စ်တိုက်ခိုက်မှုအတွက် လက်စားချေတဲ့အနေနဲ့ “အမေရိကန်လေတပ်စခန်း” ကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က နောက်ပိုင်းမှာ ပြောပြီး အမေရိကန်ဆက်ကျူးကျော်ရင် ပိုပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကူဝိတ်စစ်တပ်က သူ့လေကြောင်းကာကွယ်ရေးတပ်တွေဟာ ရန်လိုတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပြီး တိုက်ခိုက်မှုက ဘယ်နေရာကနေ လာတယ်ဆိုတဲ့ သတင်းအချက် အလက်ကို မပေးခဲ့ပါဘူး။
Source:Reuters











