
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ စတင်ဖွဲ့စည်းချိန်ကနေ အခုအထိ အမေရိကန်ဒေါ်လာ ၃၀ သန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ် တပ်ဖွဲ့တွေ စတင်ဖွဲ့စည်းချိန်က စလို့ တပ်ရင်းထောက်ပံ့ စုစုပေါင်း ၃၈ ကြိမ်အထိ ပေးအပ်ခဲ့ပြီး တကြိမ်မှာ ပျမ်းမျှ ခန့်မှန်း အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၆ သန်းလောက် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတဝန်းက PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၆၀ ကျော်အတွက် တကြိမ်မှာ ဒေါ်လာ ၁ ဒသမ ၃ သန်းအထိ တိုးမြှင့်ထောက်ပံ့နေပြီး၊ ပကဖ တွေကိုလည်း ထပ်တိုး ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
ဒီထောက်ပံ့ငွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ကနေ ၄၆ လ အတွင်း ရှာဖွေပေးခဲ့တဲ့ ဘဏ္ဍာငွေတွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိတော်လှန်ရေးဟာ အဆုံးအဖြတ်ကာလကို ရောက်နေပြီဖြစ်လို့ PRF နဲ့ NUG ရဲ့ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းတွေမှာ ပြည်သူတွေ အင်တိုက်အားတိုက် ဆက်လက်ပါဝင်ပေးကြဖို့ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။











