
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ အာရက္ခတပ်တော် (AA) တို့ကို ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရခိုင်အရပ်သား ၂ ယောက်ကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အရပ်သား ကိုလင်းခန့်နဲ့ မသူဇာမြင့်တို့ကို အောက်တိုဘာ ၁၂ ရက်မှာ စစ်အာဏာရှင် လက်အောက်ခံ ဟင်္သာတခရိုင်တရားရုံးက တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ ၂ ယောက်ဟာ လေးမျက်နှာမြို့နယ် စက်စက်ယိုရွာဘက်က တဝမ်းကွဲမောင်နှမတွေဖြစ်ကြပြီး မတ်လ ပထမပတ်မှာ ဖမ်းဆီးခဲ့တာလို့ ဟင်္သာတခရိုင်တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အခု ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရသူတွေပါ။ PDF နဲ့ AA ကို ထောက်ပံ့နေသူတွေလို့ ဆိုပြီး ဖမ်းဆီးခံခဲ့ရတာပါ။”
ဒေသခံ အရပ်သားတယောက်က “မောင်နှမ ၂ ယောက်ကို တခါတည်း ဖမ်းခဲ့တာပါ။ သူတို့က စားသောက်ကုန်ရောင်းချတဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ သာမန်အရပ်သားတွေပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ် လက်အောက်ခံ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅-က တို့နဲ့ တယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဘက်က အရပ်သားတွေဖြစ်ကြောင်း သက်ဆိုင်ရာတရားရုံးနဲ့ ရဲတပ်ဖွဲ့ထံ တင်ပြခဲ့ပေမဲ့ ခုခံချေပခွင့် လုံလောက်စွာ မရရှိခဲ့ပါဘူး။











