
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာမှာ ဧပြီ ၁၇ ရက် ဒီနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၃ လုံးထက်မနည်း မီးလောင် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်အစောအပိုင်း ၁ နာရီကျော်လောက်က သဲဖြူကျေးရွာရှိ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် ဓနိမိုး၊ သွပ်မိုး၊ ထရံကာ နေအိမ်တွေအပါအဝင် အိမ် ၃ လုံးထက် မတည်း ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံကူညီဆောင်ရွက်ပေးသူတယောက်က “နေအိမ်မီးကြွင်းမီးကြောင့် မီးလောင်မှုဖြစ်တာလို့ သိရပါတယ်။ ပထမလောင်တဲ့အိမ်ကနေ နောက်ထပ်အိမ်တွေကို မီးကူးလောင်သွားတာ။ လူတွေ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို ပုသိမ်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး အသုံးပြုကာ ဒေသခံတွေနဲ့ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီခန့်လောက်မှာ မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုကို မီးသတ်ဦးဌာနက စစ်ဆေးတွက်ချက်နေပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်နေပိုင်ရှင်ကို မီးပေါ့ဆစွာသုံးစွဲမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။










