
ဂျာမနီတိုက်စစ်မှူး ဒဲနစ်အွန်ဒါဗ်ဟာ အိုင်ဗရီကို့စ်ကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တာကြောင့် အသင်းကို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျာမနီအသင်း ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တာ ဒါ ပထမဆုံးအကြိမ်ပါ။
အွန်ဒါဗ်ဟာ လူစားဝင်အဖြစ် ၂ ပွဲကစားရာမှာ ၃ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားတာကြောင့် ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ လူစားဝင်အဖြစ် ဂိုးသွင်းဂိုးဖန်တီးမှု အများဆုံး ကစားသမားတယောက် ဖြစ်လာပါတယ်။
နည်းပြ နာဂယ်လ်စ်မန်းက အွန်ဒါဗ်ကို အရင်က လူသိရှင်ကြား ဝေဖန်ခဲ့ဖူးတာပါ။ အခုတော့ နည်းပြက သူ့ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းဖို့ စဉ်းစားနေပါတယ်။
နာဂယ်လ်စ်မန်းက “သူ့ရဲ့ ခြေစွမ်းကို ဘာလို့ သွားဖျက်ဆီးရမှာလဲ။ သူ ၂ ကြိမ် ဝင်ကစားပြီး ၂ ကြိမ်လုံး ဂိုးတွေသွင်းခဲ့တာပါ” လို့ ပြောပါတယ်။
အွန်ဒါဗ်ဟာ အသက် ၁၇ နှစ်တုန်းက စက်ရုံမှာ အလုပ်လုပ်ရင်း ဘောလုံးကစားခဲ့ရတဲ့ ကစားသမားတယောက်လည်း ဖြစ်ပါတယ်။










