
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-ပဒါန်းကားလမ်းပိုင်းမှာ တရုတ်နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဝန်ထမ်းတွေ လိုက်ပါလာတဲ့ ကားတစီးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၁၀ ရက်ကတည်းက အမ်း-ပဒါန်း လမ်းတလျှောက်ကို ဒရုန်းတွေနဲ့ တရက်လုံး ကင်းထောက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အမ်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“၁၀ ရက်နေ့ကတော့ ဒရုန်းနဲ့ တနေကုန် ကင်းထောက်တယ်။ ပြီးတော့ ၁၁ ရက်နေ့က ဗုံးလာကြဲတာ။ တရုတ်ဝန်ထမ်းနဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေ စီးပြီး သွားနေတဲ့ကားကို ဂျက်ဖိုက်တာနဲ့ တခါတည်း အပေါ်ကနေ စီးပြီးပစ်တာ။ ကားအနီးနားကိုကျလို့ ကားတွေ ပျက်စီးသွားတယ်။ လူကတော့ အန္တရာယ်ကင်းတယ်။”
ကားပေါ်မှာ တရုတ်နိုင်ငံသား ချန်ဂျဲ့ ခေါ် ထင်ကြည်နဲ့ မြန်မာအလုပ်သမား ဓာတ်ငွေ့စက်ရုံ ဝန်ထမ်း ၂ ယောက် လိုက်ပါလာတယ်လို့ သိရပါတယ်။
အဲဒီဝန်ထမ်းတွေဟာ အမ်းမြို့နယ်က China National Petroleum Corporation (CNPC) ရဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ AA ဟာ အမ်း-မကွေး ရခိုင်ရိုးပေါ်က နတ်ရေကန်တောင်လမ်းမှာ မကြာခဏ တိုက်ပွဲဖြစ်နေပြီး စစ်ရေးအရ အထိနာရင် AA ထိန်းချုပ်ထားတဲ့ နေရာတွေကို ဒရုန်း၊ ဂျက်ဖိုက်တာ၊ Y-12 တို့နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်လို့ အမ်းဒေသခံ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က အခုနောက်ပိုင်း ထောက်ပို့လမ်းကြောင်းတွေကို မှန်းပြီး ဗုံးပတ်ကြဲတာ။ ဒရုန်းပါ ဂျက်ဖိုက်တာပါ၊ Y-12 တွေနဲ့ပါ ဗုံးကြဲလွန်းလို့ ရိုးပေါ်မှာ အပျက်အစီးတွေလည်း များနေပါပြီ။”
တရုတ်စက်ရုံတချို့ရှိတဲ့ အမ်းနဲ့ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ တရုတ်စီမံကိန်းတွေကတော့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။











