
တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ရှန်ကျန်းစက်မှုဇုန်က တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD ရဲ့ ကားရပ်နားစခန်းမှာ ဧပြီ ၁၄ ရက်က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မီးခိုးမည်းမည်းတွေ ကောင်းကင်ဆီ ထိုးတက်နေပြီး မီးတောက်တွေက အထပ်အများကြီးပါတဲ့ အဆောက်အအုံရဲ့ ရှည်လျားတဲ့အပိုင်းကို ပျံ့နှံ့နေတာကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
မီးသတ်ကားတွေနဲ့ ရဲတွေကို အခင်းဖြစ်ပွားရာနေရာဆီ စေလွှတ်ထားပါတယ်။ အဆောက်အအုံတွေ၊ လျှပ်စစ် ဓာတ်အားတိုင်တွေနဲ့ လမ်းအပြင်အဆင်တို့က ဂြိုလ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုခဲ့ပြီး ဗီဒီယိုရက်စွဲကို BYD နဲ့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုနိုင်ခဲ့ပါတယ်။
BYD ကုမ္ပဏီက ရှန်ကျန်းစက်မှုဇုန်ရဲ့ ကားပါကင်မှာ မီးလောင်ခဲ့တယ်လို့ အင်္ဂါနေ့မနက်မှာ ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့ပါတယ်။
ကားဂိုဒေါင်ဟာ စမ်းသပ်ဆဲနဲ့ စွန့်ပစ်ခံကားတွေအတွက် ကားရပ်နားရာနေရာဖြစ်ပြီး မီးငြှိမ်းသတ်ပြီးပြီ၊ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကားထုတ်လုပ်သူက အင်္ဂါနေ့က ကြေညာချက်မှာ ထပ်ပြောခဲ့ပါတယ်။
အဲဒိနောက်မှာ BYD ရှယ်ယာတွေ ၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနတခုက မီးလောင်မှုဖြစ်ရပ်ကို အစောပိုင်းမှာ သတင်းပို့ခဲ့ပါတယ်။
လျှပ်စစ်ကား EV တွေဟာ အတွင်းပိုင်း အင်ဂျင်ပါတဲ့ ကားတွေနဲ့ လောင်ကျွမ်းပုံ ကွဲပြားပြီး မီးတွေက တကျော့ပြန်လောင်တတ်သလို ပိုကြာကြာ လောင်လေ့ရှိလို့ မီးငြှိမ်းသတ်ဖို့ ပိုခက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Source: Reuters










