
မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ခြမ်းကကျေးရွာတွေကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပြီး ဇူလိုင် ၄ ရက်နဲ့ ၅ ရက်တွေမှာ လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အင်အား ၅၀၀ လောက်ပါတဲ့ စစ်ကြောင်းက ပြီးခဲ့တဲ့လနောက်ဆုံးပတ်ထဲကနေစပြီး ပေါက်နဲ့ မြိုင်အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာပါ။ အခုလ ၃ ရက်နေ့ကနေစပြီးတော့ ပေါက်နယ်အရှေ့ပိုင်း ညောင်ရေတဲ၊ ညောင်ပင်တိုက်ရွာတွေကနေတဆင့် ထောက်ရှာပင်ရွာ ဝင်ရောက်လာပြီးတော့ အဲဒီရွာထဲနဲ့ ရွာပတ်ဝန်းကျင်မှာ ကင်းပုန်းတွေ ချထားပါတယ်။ အခု ၅ ရက်နေ့ ညအထိ ဘယ်မှ ဆက်မရွေ့သေးဘူး။ အဲဒီရွာမှာပဲ ရှိနေသေးတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ အဆိုပါ စစ်တပ် စစ်ကြောင်းတပ်စွဲနေတဲ့ ထောက်ရှာပင်ကျေးရွာနဲ့ အနီးဝန်းကျင်တွေကို လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန်ပြုလုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “အဲဒီရွာဝန်းကျင်ကို ၄ ရက်နေ့ တရက်တည်းမှာတင် စစ်တပ်ဘက်က ဂျက်ဖိုက်တာ၊ MI-35၊ Y12 တွေနဲ့ လေကြောင်းတိုက်ခိုက်တာ အကြိမ်ရေ ၃၀ နီးပါးလုပ်ခဲ့တယ်။ ၅ ညရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာလည်း ဖိုက်တာ ၁ စင်းနဲ့ ဗုံးကြဲသွားသေးတယ်။ ည ၈ နာရီဝန်းကျင်ကလည်း အဲ့ဒိ ထောက်ရှာပင်ရွာထဲမှာ တပ်စွဲနေကြတဲ့ကောင်တွေက အရှေ့ဘက်ကရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူပိုင်နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇွန်လကုန်ပိုင်းမှာ စစ်အာဏာရှင်တပ်က တွင်းမပျူစောထီးကျေးရွာကနေ ထွက်ခွာလာပြီး ပေါက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်းဝင်လာတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း အန္တရာယ်တွေကြောင့် ဘေးကင်းလုံခြုံတဲ့အစီအမံတွေနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










