DVB Logo
Home
မြန်မာသတင်း
စစ်တွေ၊ ကျောက်ဖြူ၊ နတ်ရေကန်တို့တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်ခြေကုပ်စခန်းအချို့ကို AA သိမ်းပိုက်
DVB
·
September 16, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ နတ်ရေကန်တို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ခြေကုပ်စခန်းအချို့ကို AA က သိမ်းပိုက်ရရှိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ဒီနေ့ထိ ထိုးစစ်အပြန်အလှန်တိုက်ပွဲ ဆင်နွှဲနေကြပြီး မနေ့ကလည်း နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အမြင့်ကျွန်းနဲ့ ချီလိုင်ဖင်းကနေပြီး ကွမ်းတောင်ရွာကြီးကို ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းနေတယ်။ ပြီးတော့ ရွှေမင်းဂံရေတပ်နားမှာလည်း ဖြစ်နေတယ်။ နောက်ပြီး ဝါဘိုကျေးရွာဘက်မှာတော့ အဓိက ချောင်းနားပတ်ဝန်းကျင်တွေ ဖြစ်နေတယ်။”

စစ်အာဏာရှင်တပ်က ရွှေမင်းဂံရေတပ်ရဲ့ရှေ့ ဆိုင်ချောင်းတဖက်ကမ်း ရဲရိုးပြင်ကနေ ခမောင်းတောရွာကို ထိုးစစ်ဆင်လာပြီး လက်ရှိမှာ ရဲရိုးပြင်ရွာကို AA က ပြန်လည်ထိုးစစ်ဆင် သိမ်းယူထားတယ်လို့ သိရပါတယ်။

အလားတူ စစ်အာဏာရှင်တပ်ကလည်း ဝါဘိုကျေးရွာကို စက်တင်ဘာ ၉ ရက်က ထိုးစစ်ဆင် သိမ်းယူခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်မှာ AA က ပြန်လည်သိမ်းယူခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်ကလည်း ကွမ်းတောင်ရွာကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းကို စစ်အာဏာရှင်တပ်က ညနေ ၃ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ လာရောက်ပြီး ပစ်ကူပေးနေရတယ်လို့ သိရပါတယ်။

တဆက်တည်း ကျောက်ဖြူမြို့နယ်မှာလည်း စစ်အာဏာရှင်တပ်က စနဲ၊ မင်းပြင်၊ သိုင်းချောင်းကတဆင့် ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က “အဓိက အဝတောင်နဲ့ စနဲတံတား၊ ကြောင်ခိုးချောင်း၊ ဝါးနက်ချွန် အဲဒီဘက်တွေမှာ အဓိက ဖြစ်နေတယ်။ နှစ်ဖက်စလုံးကတော့ အားတင်ပြီး တိုက်နေကြတယ်” လို့ ပြောပါတယ်။

အလားတူ စစ်အာဏာရှင်တပ်ဟာ အမ်း-ပဒန်းလမ်းရှိ အာရက္ခတပ်တော်က ပိတ်ဆို့ထားတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာကုန်းကို စစ်ကြောင်းတွေခွဲပြီး ထိုးဖောက်နေပေမဲ့ ပဇီလမ်းဟောင်း၊ ဂုတ်ကြီးလမ်းသစ်တို့က အကျဆုံးများနေပြီး အဲဒီလမ်းသစ်၊ လမ်းဟောင်းရဲ့ အလယ်ကြောတည့်တည့် ထိုးစစ်ဆင်နေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို စစ်အာဏာရှင်တပ်က မြေလပ်ကျေးရွာ အထိုင်စခန်းကနေပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ရဲ့ တဘက်ကမ်းရှိ ဝီရဌာနီ(ပေါက်တော)မြို့နယ်ရဲ့ မြေငူကျွန်း သဲခုံ၊ ယာတိုက်၊ ဂြင်းချောင်းကျေးရွာအနီး ပတ်ဝန်းကျင်တွေကို စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီ မိနစ် ၄၀ လောက်ကနေ  ၄ နာရီအထိမှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

“မြေငူကျွန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံးကြဲသွားတာရှိတယ်။ အဓိကတော့ စစ်တွေတဘက်ကမ်းက ကမ်းခြေရွာ အနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်သွားတာ။ ရွာသားတွေက စစ်ရှောင်နေကြတော့ အရပ်သားတွေက ထိခိုက်မှုတော့ မရှိနိုင်ဘူး။ အဓိကတော့ စစ်တွေမြို့နယ်တွင်းက တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် စစ်တွေမြို့ အနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာတာ။”

စက်တင်ဘာ ၁၀ ရက်ကလည်း မြေငူကျွန်းက ကျေးရွာတချို့ကို စစ်အာဏာရှင်ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013