စစ်မြေပြင်သုံး နျူလက်နက်များ ကျယ်ကျယ်ပြန့်ပြန့် ချထားရန် ကင်မ်ဂျုံအန်းပြော

စစ်မြေပြင်သုံး နျူကလီးယားလက်နက်တွေကို စစ်ဆင်ရေးကဏ္ဍအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် ချထားဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ဖော်ပြပါတယ်။
နျူကလီးယားကုန်ကြမ်း ထုတ်လုပ်ရေးနဲ့ လက်နက်သုတေသနစက်ရုံတွေကို သွားရောက် စစ်ဆေးစဉ်မှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။
နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း စနစ်တကျ တိုးချဲ့နေတယ်လို့ ဆိုပါတယ်။
“ကျုပ်တို့ရဲ့ နျူကလီးယားစွမ်းရည်ဟာ အခုအခါ လက်တွေ့အရှိတရားတခု ဖြစ်နေပါပြီ” လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
ပြင်ပနိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဆင့်အတန်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ နျူလက်နက်နိုင်ငံဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်ကတည်းက အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားပါတယ်။။
အဲဒီအဆင့်အတန်းကို ငြင်းပယ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို “ပေါ်ပေါ်ထင်ထင် စစ်ကြေညာမှု” အဖြစ် သတ်မှတ်သွားမယ်လို့ ကင်မ်ဂျုံအန်းက သတိပေးပါတယ်။
နျူကလီးယားလက်နက်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် အဓိက အာမခံချက်ဖြစ်ပြီး ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစတင်ကာ နျူကလီးယားစမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးနဲ့ အပြင်းထန်ဆုံး စမ်းသပ်မှုကိုတော့ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၈၀ ကနေ ၁၂၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထား ကြပါတယ်။
Source:Reuters











