DVB Logo
Home
မြန်မာသတင်း
တမူးခရိုင်ရှိ စစ်ဘေးရှောင်များ စားဝတ်နေရေးကျပ်တည်းသဖြင့် ဘိန်းစိုက်ခင်း၌ လုပ်ကိုင်နေရ
DVB
·
May 23, 2026
Photo: UNODC
Photo: UNODC
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးခရိုင်ထဲက စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်တည်း ပြီး အလုပ်အကိုင်ရှားပါးတာကြောင့် ဘိန်းစိုက်ခင်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် တပိုင်တနိုင် တောင်ယာစပါးစိုက်၊ မီးသွေးဖုတ်စတဲ့ အလုပ်တွေ လုပ်ကိုင်ကြပေမဲ့ ပျူစောထီး တွေက ဖမ်းဆီး၊ ငွေညှစ် အနှောင့်အယှက်ပေးတာတွေ ကြုံကြရတာပါ။

ဒီအကြောင်းတွေကို ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ကနေ ဧပြီလအထိ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာမှာလည်း ထည့်သွင်းဖော်ပြ ထားပါတယ်။

အစည်းအရုံးရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင် နူးလွန်က “ဒီဒေသမှာ စစ်ဘေးရှောင်နေတဲ့သူတွေက ဘာမှ လုပ်ကိုင်စားသောက်လို့မရတဲ့ အခြေအနေလေ။ သူများနယ်စပ်တွေလိုမျိုး စက်ရုံ အလုပ်ရုံတွေ လည်း မရှိဘူး ဒီမှာ။ အလုပ်အကိုင်အခွင့်အလမ်းက အရမ်းရှားပါးတယ်။ အဲဒါကြောင့်မို့လို့ ရှိတဲ့အလုပ်ကိုပဲ ဘယ်လောက်ပဲဝေးဝေး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက်ကိုတော့ လုပ်ကိုင်ရတာဖြစ်ပါတယ်။ မူးယစ်စိုက်ခင်းမှာ လုပ်ရတဲ့ခါကျတော့ ဒီအနံ့တွေနဲ့ ယဉ်ပါးသွားလို့ရှိရင် မူးယစ်ရဲ့ ကျေးကျွန်ဖြစ်သွားမှာကိုတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်အားလုံး ဘိန်းခင်းမှာ လုပ်ကိုင်ကြတာမဟုတ်ဘဲ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေသူ တွေ၊ လူငယ်လူလွတ်အများစု လုပ်ကိုင်ကြတာကိုတွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဘိန်းခင်းမှာ သွားရောက်လုပ်ကိုင်တဲ့ စစ်ရှောင်တယောက်က “စားဝတ်နေရေးအတွက်က ရရာ အလုပ် ရှာဖွေလုပ်ကိုင် နေကြရတာပါ။ ဘိန်းဆိုတာ မကောင်းမှန်းတော့ သိတာပေါ့ဗျ။ တဘက်မှာ က စားဝတ်နေရေးက ရှိသေးတယ်လေ။ ဒီတိုင်းနေရင်လည်း ဘယ်သူကမှ အလကား အမြဲတမ်းကြီး ထောက်ပံ့နေမှာ မဟုတ်ဘူးဗျ။ ဒါကြောင့် ရရာအလုပ် လုပ်ကိုင် နေကြရတာပဲဗျ” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ အလုပ်ရှိတဲ့အချိန်မှာ သူတို့ ခိုလှုံနေတဲ့နေရာတွေကနေ ဘိန်းခင်းတွေရှိရာ တောင်ပေါ်ဒေသတွေဆီ သွားရောက်လုပ်ကိုင်ကြရတာပါ။

ဘိန်းခင်းမှာ လုပ်ကိုင်ခဲ့သူ စစ်ရှောင် အမျိုးသမီးတယောက်က “နိုင်ငံခြားသွားတဲ့သူက သွားကြ ပါတယ်။ မသွားနိုင်တဲ့သူတွေက ဘိန်းစိုက်ခင်းမှာပဲ နေ့စားနဲ့ သွားအလုပ် လုပ်ကြတယ်။ နေစား စရိတ်ငြိမ်း ၁၇,၀၀၀ ရတယ်။ တနှစ်အပြတ်ဆို သိန်း ၇၀ ကျော် ပေးပါတယ်” လို့ ပြောပါတယ်။

အလုပ်လုပ်ရချိန်မှာ ဘိန်းခင်းပိုင်ရှင်တွေက ကျွေးမွေးပြီး တချို့အခင်းပိုင်ရှင်တွေကတော့ မြန်မာပြည်က စစ်ဘေးရှောင်ဖြစ်လို့ နှိမ်ပြီး ဖြစ်သလိုကျွေးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးနောက်တယောက်က “နေ့စား တရက်ဆိုရင် အိန္ဒိယငွေ ၅၀၀၊ (မြန်မာ)ကျပ် ဆိုရင် ၂ သောင်း ပေးတယ်။ တချို့က ဘိန်းအနံ့ကို မခံနိုင်ကြဘူး။ ကျမကတော့ ခံနိုင်တယ်။ မြန်မာပြည် က လူတွေလည်း ပါတယ်။ ကျမတို့သွားလုပ်တာက အိန္ဒိယရော၊ မြန်မာပြည်ဘက်ခြမ်းရော ပါတယ်။ တနှစ်က သွားတဲ့ချိန်မှာဆိုရင် အဲဒီမှာ အလုပ်လာလုပ်တဲ့ ဦးလေးတယောက် ဆုံးသွား တယ်။ သူကတော့ သက်ကြီးပိုင်းလည်းဖြစ်လို့ ရောဂါအခံလည်း ရှိလို့ပါ။ စလုပ်ကာစမှာ နှစ်ပတ်လောက် ထမင်း အရမ်းစားနိုင်တယ် နောက်ပိုင်းတော့ စားမဝင်တော့ဘူး။ အလုပ်လုပ်ရ တာတော့ မခက်ခဲ့ဘူး။ ဒါပေမဲ့ ကျမတို့က မြေပြန့်မှာပဲ အလုပ်လုပ်နေကျဆိုတော့ တောင်ပေါ်တွေမှာ လုပ်ရတော့ တောင်တက် တောင်ဆင်းရတာ သိပ်တော့ အဆင်မပြေဘူးလေ” လို့ ပြောပါတယ်။

အခုမေလဟာ ဘိန်းခင်းတွေ ပြန်စိုက်ဖို့ ပေါင်းမြက်တွေ ခုတ်ထွင်ရှင်းလင်းမီးရှို့တဲ့ကာလဖြစ်ပြီး အဲဒီဒေသမှာ တပိုင်တနိုင်ဘိန်းစိုက်ခင်းတွေလည်းရှိသလို တရာသီမှာ တခင်းကနေ ပျမ်းမျှ ကျပ်သိန်း ၇၀ လောက်အထိ ရနိုင်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်စခန်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး တွေနဲ့ ကလေးငယ်တွေဟာ တဘက်နိုင်ငံ မိုးရေးမြို့မှာ ကာကွယ်ဆေးတွေ ထိုးနှံနိုင်ခဲ့ကြပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ အကန့် အသတ်တွေရှိလာလို့ မြန်မာစစ်ရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေ ကာကွယ်ဆေးထိုးဖို့ ခက်ခဲလာပါတယ်။

ဒါ့အပြင်ဆေးဝါးကုသဖို့လည်း မရသလောက်ဖြစ်လာတယ်လို့ ကူကီး အမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒါကြောင့် ကျောက်တောင်းကျေးရွာနဲ့ စတန်ကျေးရွာမှာ ကိုယ်ဝန်ပျက်ကျတာ များလာသလို လမစေ့ပဲမွေးဖွားတာ၊ မွေးလာတဲ့ ကလေးငယ်တချို့ ကိုယ်လက်အင်္ဂါ ချို့တဲ့တာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။

တမူးခရိုင်ထဲက ဒေသတွင်းကရော တခြားဒေသတွေကပါ ရောက်ရှိခိုလှုံနေတဲ့ စစ်ရှောင် ၂၀,၀၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013