
စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၁) ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှာ ခွင့်လွန်နေတာ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးနဲ့ တာဝန်ပျက်ကွက်နေတဲ့ ရဲဘော်တွေအနေနဲ့ လာမဲ့ ဩဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တပ်ရင်းကို ပြန်လည်သတင်းပို့ကြဖို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
အကြောင်းပြချက်မရှိဘဲ လာရောက်သတင်းပို့တာ မရှိရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဥပဒေအတိုင်း ဖမ်းဆီးအရေးယူသွားမယ်လို့လည်း ဩဂုတ် ၁၁ ရက်မှာ သတိပေးထားပါတယ်။
အမှတ် (၁) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာပါ။
တခြားတဖက်မှာလည်း စစ်တပ်ဟာ ပြီးခဲ့တဲ့လအတွင်း ကလေး-တမူး လမ်းမကြီးတလျှောက်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ထားပါတယ်။
လမ်းပိုင်းကို ပြန်စိုးမိုးပြီးတဲ့နောက် ၄ နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ဖို့လည်း စစ်အာဏာရှင် မင်းအောင်လှိုင် အစိုးရက ပြင်ဆင်နေတာပါ။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း ပျက်စီးသွားခဲ့တဲ့ ခမ်းပါတ်တံတား၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတွေကို ပြန်ပြင်နေသလို ခါမ်းပါတ်မြို့မှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။











