DVB Logo
Home
မြန်မာသတင်း
တမူးခရိုင် ပကဖ ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်က သတ်ဖြတ်ခဲ့သည့်အပေါ် အမှုမှန်ပေါ်ရန် ကြိုးပမ်း 
DVB
·
May 19, 2025
တမူးခရိုင် ပကဖ ရဲဘော် ၁၀ ဦးကို အိန္ဒိယစစ်တပ်က  သတ်ဖြတ်ခဲ့သည့်အပေါ် အမှုမှန်ပေါ်ရန် ကြိုးပမ်း 
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်မှာ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော် ၁၀ ယောက်ကို အိန္ဒိယစစ်တပ်လက်အောက်ခံ အာသံရိုင်ဖယ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက  ပြောပါတယ်။

မေ ၁၄ ရက် မနက်ပိုင်းမှာ တမူးမြို့နယ် အာရှလမ်းမကြီး‌ပေါ်က ကမ္မကြီးကျေးရွာနဲ့ ထင်းဇင်ကျေးရွာအကြားမှာ နယ်စပ်စစ်ဆေးရေးအတွက် မြန်မာဘက်ခြမ်းမှာ ကင်းစောင့်နေတဲ့ PDF ရဲဘော်တွေကို အာသံရိုင်ဖယ်တပ်က  ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက သွားရောက်မေးမြန်းတဲ့အခါ PDF တွေက အိန္ဒိယနယ်ထဲ ကျူးကျော်လာတဲ့ အတွက် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးခဲ့တာလို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တမူးဒေသခံက “နယ်စပ်ခြံစည်းရိုးနဲ့ ပတ်သက်ပြီးတော့ တမူးအထက်ပိုင်းတွေမှာ ကန့်ကွက်ထားတာတွေ ရှိတယ်။ သူတို့ဘက်က ကျူးကျော်လာလို့ပေါ့နော်။ PDF က ကန့်ကွက်ထားတဲ့ အခါကျတော့ နောင်ကို မကန့်ကွက်ရဲအောင်၊ ခြိမ်းခြောက်လိုက်တာလားလို့ ယူဆရတာပေါ့နော်။ အလောင်းတွေက ၁၄ ရက်မှာ တာဝန်ရှိသူတွေက သွားပြီးတော့ အဲဒီက မေဂျာဆီ သွားပြီးတောင်းကြတယ်။ တောင်းတဲ့အခါမှာ ရဲဘော်တွေကို တိုက်ပွဲဖြစ်လို့ သေသွားပြီလို့ ပြောတယ်။ အဲဒါဆို အလောင်းပေးပါလို့ ပြောတယ်။ အလောင်းက ပေးမယ်လို့ပြောပြီးမှ ၁၄ ရက်နေ့ကနေ တောင်းတဲ့အလောင်းက ၁၆ ရက်နေ့မှပဲ ပြန်ပေးပါတယ်။ ၁၆ ရက်နေ့မှာလည်း အလောင်းတွေက ပုပ်ပွပြီးတော့ ရုပ်ဖတ်လို့မရတဲ့ အခြေအနေမျိုးအထိ ရှိနေတယ်” လို့ ပြောပါတယ်။

မေ  ၁၆ ရက် မနက် ၁၀ နာရီမှာ အာသံရိုင်ဖယ်စစ်တပ်က တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေရဲ့ အလောင်းကို မြန်မာနိုင်ငံအတွင်းက သုသာန်တခုကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်စလုံးက ဖြစ်စဉ်ကို ဖုံးကွယ်နေဆဲဖြစ်လို့ ဖြစ်စဉ်အမှန်ကို သိရှိရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ India For Myanmar တာဝန်ရှိသူက ပြောပါတယ်။

“အင်မတန် အဖြစ်ဆိုးတဲ့ ဖြစ်စဉ်လို့ မြင်တယ်ပေါ့နော်။ ပကဖတွေကလည်း လက်နက်ကိုင်တယ် ဆိုပေမဲ့ အိန္ဒိယစစ်တပ်ကိုတော့ လုံးဝတုံ့ပြန်မှုမရှိဘဲ အသာတကြည် အဖမ်းခံပြီးတဲ့နောက်ပိုင်းမှ သတ်ဖြတ်ခံရတာမျိုးက ဖြစ်စဉ်အမှန်ဆိုရင်တော့ အိန္ဒိယအနေနဲ့ လုံးဝ တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးတဲ့အပြင် အကောင်းဆုံး မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတကာမျက်နှာစာမှာ အိန္ဒိယစစ်တပ်ရဲ့ ဂုဏ်သတင်းလည်း များစွာထိခိုက်လာနိုင်တယ်လို့ မြင်တာပေါ့နော်။”

မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားမှုကို ခံစားနေရပြီး အိမ်နီးချင်း နိုင်ငံတွေကပါ မစာမနာလုပ်တာတွေ ကြုံနေရတယ်လို့ India For Myanmar က ပြောပါတယ်။

အခုဖြစ်စဉ်ဟာ နိုင်ငံအစိုးရချင်းပြောရမယ့်  ကိစ္စဖြစ်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က NUG အစိုးရဆီကို တင်ပြထားတယ်လို့ သိရပါတယ်။

NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ကျနော်တို့ အိန္ဒိယနဲ့တော့ ချိတ်ဆက်ဆောင်ရွက်နေတာတွေ ရှိတယ်၊ လောလောဆယ်တော့ သတင်းထုတ်ပြန်လို့ မရသေးဘူး။ ဖြစ်စဉ်ကတော့ မှန်တယ်ဆိုတာ အတည်ပြုလို့ရတယ်၊ ဆောင်ရွက်မှုကိုတော့ ပြီးမှပဲ သတင်းထုတ်ပြန်လို့ရတဲ့အချိန် ထုတ်ပြန်ပါ့မယ်ဗျ” လို့ ပြောပါတယ်။

နယ်စပ်က ကာကွယ်ရေးရဲဘော်တွေအနေနဲ့ နယ်စပ်နဲ့ နီးအောင်မနေဘဲ သတိရှိရှိ နေထိုင်ကြဖို့ တမူးခရိုင်ပကဖက တိုက်တွန်းထားပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူပြည်နယ်မှာ အိန္ဒိယစစ်တပ်ရဲ့ အာသံရိုင်ဖယ်တပ်က ပစ်ခတ်တာကြောင့် မြန်မာလက်နက်ကိုင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

မေ ၁၅ ရက် စစ်တပ်ရဲ့ထုတ်ပြန်ချက်အရ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ တပ်ရင်းတခုဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ချန်ဒယ်ခရိုင်၊ နယူးဆမ်တယ်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်းရတာကြောင့် ဗုဒ္ဓဟူးနေ့မှာ စစ်ဆင်ရေးတခုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်းမှာ သံသယရှိသူတွေက ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်ဝတ်စုံဝတ်ဆင်ထားသူ  ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အကြီးတန်းလုံခြုံရေးအရာရှိတယောက်က သေဆုံးသွားတဲ့သူ ၁၀ ယောက်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပုံရပြီး  သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ မေ ၁၆ ရက်မှာ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ AK-47 ရိုင်ဖယ် ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M4 ရိုင်ဖယ် ၁ လက်နဲ့ တတောင့်ထိုးရိုင်ဖယ် ၄ လက်အပြင် ခဲယမ်းမီးကျောက်နဲ့ စစ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အခြေအနေကို အထူးစောင့်ကြည့်နေပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အင်အားအပြည့်အဝ တပ်ဖြန့်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013