
စစ်ကိုင်းတိုင်းထဲက ရေကြီးရေလျှံဖြစ်ပွားနေတဲ့ ဒေသတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေး ပြုလုပ်နေချိန် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တယောက် ရေစီးနဲ့ မျောပါ သေဆုံးခဲ့ရကြောင်း ရွှေဘိုမြို့နယ် ပကဖကနေ သိရပါတယ်။
ဩဂုတ် ၁၀ ရက်က ရွှေဘိုမြို့နယ် အနောက်ခြမ်း ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်နေချိန် ရေစီးကြမ်းတာကြောင့် မျောပါ သေဆုံးခဲ့ရတာလို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အမည်နဲ့ ကိုယ်ရေးအချက်အလက်ကတော့ လောလောဆယ် ပြောလို့မရပါသေးဘူးဗျာ့။ ကနဦး သတင်းရတာပဲ ရှိပါသေးတယ်။ ကူညီကယ်ဆယ်ရေးသွားရင်း ရေစီးထဲ မျောပါသွားတယ်လို့ သိရပါတယ်။”
ရွှေဘိုမြို့နယ် သံပုရာခြံရွာက ကလေးတယောက်၊ ရေကြည်ဝရွာက သက်ကြီးပိုင်း အမျိုးသား တယောက်နဲ့ ဝမ်းစည်ရွာက အမျိုးသားတယောက်တို့လည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက “Body က ပြန်ရပါတယ်ဗျာ။ ရေက ၅ ပေလောက်ရှိတယ်၊ ရေစီးလည်း အရမ်းကြမ်းပါတယ်ဗျာ အဲ့နေရာက။ အဓိကကတော့ ကူညီကယ်ဆယ်ရေးအတွက် လှေမလုံလောက်တော့ လူအားနဲ့ပဲ လုပ်ရင်း ဖြစ်သွားတယ်လို့ ယူဆရပါတယ်ဗျ” လို့ ဖြည့်ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ရွှေဘိုမြို့နယ်မှာ ရွာပေါင်း ၁၈ ရွာက အိမ်ထောင်စုပေါင်း ၄,၇၇၈ စုနဲ့ လူဦးရေ ၁၉,၅၉၃ ယောက် ရေဘေးအန္တရာယ် ကြုံတွေ့နေရကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝေဝေ










