
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ တိုးလာလို့ ရေနံဈေးနှုန်း မြင့်တက်တာကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာတဝန်းမှာ နိုင်ငံတွေဟာ အရေးပေါ်အစီအမံတွေကို ချမှတ်နေပါတယ်။
ဥရောပမှာ ဆလိုဗေးနီးယားနိုင်ငံက လောင်စာဝယ်ယူမှုကို ယာယီကန့်သတ်ထားပြီး အီတလီကတော့ စွမ်းအင်ကုမ္ပဏီတွေရဲ့ အပိုအမြတ်အစွန်းတွေကို အခွန်ကောက်ဖို့ ပြင်ဆင်နေပါတယ်။
ဂရိနိုင်ငံက ဧပြီနဲ့ မေလအတွက် အမေရိကန်ဒေါ်လာ ၃၄၆ သန်း တန်ဖိုးရှိတဲ့ အထောက်အပံ့ အစီအစဉ်တခုကို ထုတ်ပြခဲ့ပြီး လောင်စာ၊ ဓာတ်မြေဩဇာနဲ့ ကူးတို့လက်မှတ်တွေကို ထောက်ပံ့ပေးပါတယ်။
အာဖရိကမှာ ကင်ညာနိုင်ငံက ပြည်တွင်းထောက်ပံ့မှုကို တည်ငြိမ်စေဖို့ လောင်စာဆီခွဲတမ်း ချထားပြီး ပို့ကုန်တွေကို ရပ်ဆိုင်းထားပါတယ်။
နမီးဘီးယားနိုင်ငံကတော့ ဇွန်လအထိ အနည်းဆုံး ၃ လကြာတိုင်အောင် လောင်စာဆီအခွန်ကို ၅၀ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။
မောရစ်ရှပ်စ်နိုင်ငံမှာ အလှဆင်မီးတွေ၊ ရေကူးကန်အပူပေးစနစ်နဲ့ တခြားမရှိမဖြစ်လိုတဲ့ လျှပ်စစ်ဓာတ်အား သုံးတာကို ကန့်သတ်ခြင်း အပါအဝင် စွမ်းအင်ချွေတာရေး စည်းမျဉ်းတွေကို ပြဋ္ဌာန်းနေပါတယ်။
အာရှမှာတော့ ဘင်္ဂလားဒေ့ရှ်က လောင်စာဆီခွဲတမ်းချထားခြင်း၊ တက္ကသိုလ်တွေကို ပိတ်ခြင်းနဲ့ အဝတ်အထည်တင်ပို့မှု ကဏ္ဍအတွက် လျှပ်စစ်ဓာတ်အားကို ဦးစားပေးခြင်းအပြင် ၅ နာရီကြာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်တာတွေကို အကောင်အထည် ဖော်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အမျိုးသားစွမ်းအင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အရာရှိတွေအတွက် တပတ်ကို ၄ ရက် အလုပ်လုပ်ဖို့နဲ့ မဖြစ်မနေ လျှပ်စစ်ဓာတ်အားချွေတာရေး အစီအမံတွေ ချမှတ်ဖို့ ပြဋ္ဌာန်းခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံက လမ်းမီးတွေ၊ ကြော်ငြာဘုတ်တွေနဲ့ နီယွန်ဆိုင်းဘုတ်တွေကို ပိတ်ထားဖို့ အမိန့်ပေးခဲ့ပြီး အစိုးရရုံးတွေမှာ လေအေးပေးစက် သုံးတာလျှော့ဖို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံက ဧပြီလကစပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အဟောင်းတွေကို ပြန်သုံးမှာဖြစ်ပြီး အရင်ထုတ်လွှတ်မှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာပါ။
တောင်ကိုရီးယားနိုင်ငံက အစိုးရအဖွဲ့အစည်းတွေမှာ ယာဉ်အသုံးပြုမှုကို ကန့်သတ်ထားပြီး အစိုးရယာဉ် ၁ ဒသမ ၅ သန်းလောက်ကို သက်ရောက်စေပါတယ်။ ပုဂ္ဂလိက ကဏ္ဍကလည်း ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
တနင်္လာနေ့မှာ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက လောင်စာဆီအခွန်ကို သုံးလကြာ ယာယီထက်ဝက်လျှော့ချခြင်းနဲ့ အတူ ယာဉ်ကြီးလမ်းအသုံးပြုသူတွေအတွက် အခကြေးငွေ ကောက်ခံတာကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံလောက် ကုန်ကျမယ်လို့ မျှော်လင့်ရပါတယ်။
Source: Reuters











