
စစ်အုပ်စုက အသစ်ဖွဲ့စည်းမဲ့ ကြံ့ခိုင်ရေးအစိုးရအဖွဲ့မှာ လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးကို အလုပ်သမားဝန်ကြီးနေရာ အဆိုပြုခံထားရပြီး စစ်ခေါင်းဆောင်ရဲ့ လူစားထိုးမှု မပြီးဆုံးနိုင်တဲ့ ဝန်ကြီးဌာနဆိုပြီး အလုပ်သမားတွေက ဝေဖန် ပြောဆိုနေကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း အလုပ်သမားဝန်ကြီး ၅ ယောက်အထိ ပြောင်းလဲခန့်ထားခဲ့တာဖြစ်ပြီး အခု အသွင်ပြောင်းဖွဲ့စည်းမဲ့ အစိုးရအဖွဲ့မှာ နောက်ထပ် တယောက် ပြောင်းခန့်ဖို့ လျာထားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “သူလည်း ဘယ်လောက်ခံမလဲ ကြည့်ပါဦး။ ဘယ်သူပဲလာလာ ဘာမှထူးလာမှာမဟုတ်မှန်း သိနေတာပဲ။ အလုပ်သမားတွေ ဝန်ကြီး ပေါပေါသီသီ ကြုံရတာပေါ့” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်း ၅ နှစ်တာကာလမှာ အလုပ်သမားဝန်ကြီးတွေ မကြာခဏ ပြောင်းသွားပေမဲ့ အလုပ်သမားအရေး ကောင်းမွန်အောင် လုပ်ပေးသူ မရှိခဲ့ဘဲ ပိုဆိုးတဲ့အခြေအနေရောက်အောင် စီမံ တာတွေ ကြုံခဲ့ရတဲ့အတွက် ထပ်ပြီး ဒုက္ခပေးမှာကို စိတ်ပူနေရတယ်လို့ ပြည်ပထွက် အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
“ရှေ့ဘုန်းကြီးက တချက်ခေါက်ရင် နောက်ဘုန်းကြီးက နှစ်ချက်ခေါက်တယ် ဆိုတာမျိုး လာမှာပဲ ကြောက်နေရတယ်။”
စစ်ခေါင်းဆောင်က အလုပ်သမားဝန်ကြီးနေရာအတွက် အဆိုပြုထားတဲ့ ဦးခင်မောင်စိုးမှာ ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌဖြစ်ပြီး ဦးသိန်းစိန် လက်ထက်က လျှပ်စစ်ဝန်ကြီး ခန့်အပ် ခံရသလို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဘုတ်အဖွဲ့ (လက်ရှိ YESC) မှာလည်း ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
လျှပ်စစ်ဝန်ကြီးဟောင်းကို အလုပ်သမားဝန်ကြီးအဖြစ် နီးစပ်မှုမရှိတဲ့ နယ်ပယ်မှာ စစ်ခေါင်းဆောင်က နေရာချတာနဲ့ ပတ်သက်လို့ အကွက်ဆန်းသုံးတာဆိုပြီး အလုပ်သမားတွေက လူမှုကွန်ရက်မှာ လှောင်ပြောင် ရေးသား ပြောဆိုနေကြပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဖွဲ့မဲ့ အစိုးရအဖွဲ့မှာ အလုပ်သမားဝန်ကြီးတာဝန် ယူခဲ့ဖူးသူ ၄ ယောက် ပြန်ပါလာပေမဲ့ တခြားဝန်ကြီးဌာနတွေအတွက် အဆိုပြုခံထားရတာ ဖြစ်ပါတယ်။
အဒီထဲက အလုပ်သမားဝန်ကြီးတာဝန်ကို နောက်ဆုံးဆက်ခံခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဟိုးမှာ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာနရဲ့ ဝန်ကြီးတာဝန် ပြောင်းယူရမှာ ဖြစ်ပါတယ်။
ဦးအောင်ကျော်ဟိုးမှာ OTS အပတ်စဥ် ၇၇ ဆင်းဖြစ်ပြီး တပ်ချုပ်ရာထူးကို လွှဲပြောင်းရယူထားတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ အပတ်စဥ်တူသူတယောက်ဖြစ်ပြီး ၂၀၂၄ ကမှ အရပ်ဘက် ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလမှာ အလုပ်သမားဝန်ကြီး တာဝန်ကို တနှစ်ခွဲနီးပါး ယူခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမင်းနောင်က လက်ရှိတာဝန်နဲ့ပဲ ဆက်ရှိမှာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် အလုပ်သမားဝန်ကြီးဌာနနဲ့ လဝက တွဲထားချိန်မှာ ဒုဝန်ကြီး ဖြစ်သလို အာဏာသိမ်းပြီးနောက်မှာ ပထမဆုံး အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး လဝကကို သီးခြား ဝန်ကြီးဌာနအဖြစ် ခွဲလိုက်လို့ လဝကဝန်ကြီး ဖြစ်သွားတဲ့ ဦးမြင့်ကြိုင်ကိုလည်း စစ်ခေါင်းဆောင်က လက်ရှိ တာဝန်အတိုင်း ဆက်ထားဖို့ ရွေးချယ်ထားပါတယ်။
ဦးသိန်းစိန် လက်ထက်က အလုပ်သမားဝန်ကြီး တာဝန်ကို ၁၀ လလောက် ယူခဲ့ဖူးတဲ့ ဗိုလ်မှူးကြီးဟောင်း မင်းကင်းမောင်မြင့်အနေနဲ့ စစ်အုပ်စုရဲ့ အစိုးရအဖွဲ့အသစ်မှာ ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနအတွက် အဆိုပြုခံထားရပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ကာလတို အလုပ်သမားဝန်ကြီး ဖြစ်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးချစ်ဆွေနဲ့ ဒေါက်တာပွင့်ဆန်းတို့ကတော့ စစ်ခေါင်းဆောင်ရဲ့ အစိုးရအဖွဲ့မှာ မပါလာတော့တာ တွေ့ရပါတယ်။
လက်ရှိမှာ ဝန်ကြီးဌာန ၃၁ ခုအတွက် ပြည်ထောင်စုဝန်ကြီးတွေ ခန့်ထားဖို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပြုထားတာဖြစ်ပြီး နောက်ထပ် ဒုဝန်ကြီးတွေ ရွေးချယ်ခန့်အပ်သွားဖို့လည်း ရှိနေပါတယ်။
အာဏာသိမ်းကာလတလျှောက် အလုပ်သမားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးတာဝန် ယူခဲ့ပြီး အလုပ်သမားရေးရာ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်ခြယ်လှယ်ခဲ့တဲ့ စစ်တပ်အရာရှိဟောင်း ဦးဝင်းရှိန်မှာ မင်းအောင်လှိုင်အတွက် အားထားရသူဖြစ်တာကြောင့် ထပ်ပြီး ဆက်ခံနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။










