
စစ်အာဏာရှင်လက်အောက်ခံ ဝန်ကြီးတွေဖြစ်တဲ့ ဦးမောင်မြင့် (မင်းကင်း)နဲ့ ဦးခင်မောင်စိုးတို့ကို ဝန်ကြီးဌာန နေရာလဲလှယ် တာဝန်ပေးအပ်လိုက်တယ်လို့ စစ်အာဏာရှင် သမ္မတရုံးက အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူထားတဲ့ ဦးမောင်မြင့်ကို အလုပ်သမားဝန်ကြီး နေရာသို့ ပြောင်းလဲခန့်အပ်လိုက်ပြီး အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဦးမောင်မြင့်ရဲ့ လက်ရှိနေရာကို ပြောင်းလဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဦးမောင်မြင့်ဟာ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း အလုပ်သမားဝန်ကြီးအဖြစ် ၁ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အခု ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “မင်းကင်း ဦးမောင်မြင့်က အရင်ကတည်းက အလုပ်သမားဝန်ကြီးနေရာကို မှန်းထားတဲ့သူပါ။ သူ ရောက်လာတာ ကောင်းတဲ့ လာခြင်းမျိုး ဖြစ်မယ်တော့ မထင်ပါဘူး။ ဘာတွေဆက်မွှေမလဲ ကြည့်ရမှာပါ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီကာလက ဦးမောင်မြင့်ဟာ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ဗုဒ္ဓရုပ်ပွားတော်တွေ ပေးအပ်ကာ စည်းရုံးသိမ်းသွင်းခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားဝန်ကြီးဌာနဟာ ဝန်ကြီးအများဆုံး ပြောင်းလဲခန့်အပ်ခဲ့တဲ့ ဝန်ကြီးဌာနဖြစ်ခဲ့ပြီး အခု နောက်ထပ် သက်တမ်း ၆ လအတွင်းမှာလည်း ထပ်မံအပြောင်းအလဲပြုလုပ်လာတာ ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးအဖြစ်ကနေ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသူ ဦးခင်မောင်စိုးကတော့ ဦးသိန်းစိန် အစိုးရလက်ထက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး စစ်အာဏာရှင်လက်ထက်မှာ သူ ကျွမ်းကျင်မှုမရှိတဲ့ ဝန်ကြီးဌာနတွေမှာ တာဝန်ပေးအပ်ခြင်း ခံနေရသူ ဖြစ်ပါတယ်။










