ပုပ်ရဟန်းမင်းကြီး လီယို-၁၄ မှာ အဆုတ်ကင်ဆာ တွေ့ရှိခဲ့ပြီး ညာဘက်အဆုတ်ရဲ့ အောက်ပိုင်းကို ခွဲစိတ်ဖယ်ရှားမှု အောင်မြင်ခဲ့တယ်လို့ ဗာတီကန်က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးကို အီတလီနိုင်ငံ ရောမမြို့က ဂျမယ်လီဆေးရုံမှာ အောက်တိုဘာ ၁၃ ရက်က မိနစ် ၉၀ ကြာ ခွဲစိတ်ခဲ့ပါတယ်။
ပုံမှန် ကျန်းမာရေးစစ်ဆေးမှုမှာ အဆုတ်အကျိတ်တခုကို စောစီးစွာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ခွဲစိတ်နေစဉ် တစ်သျှူးစစ်ဆေးမှုမှာတော့ အဆုတ်ကင်ဆာတမျိုးဖြစ်တဲ့ အဒီနိုကာစီနိုးမား (Adenocarcinoma) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ကင်ဆာကို အပြည့်အဝ ဖယ်ရှားနိုင်ဖို့ ညာဘက်အဆုတ်ရဲ့ အောက်ပိုင်းတခုလုံးကို ခွဲစိတ်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဗာတီကန်ကတော့ “ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး နောက်ဆက်တွဲပြဿနာ မရှိခဲ့ပါဘူး” လို့ ထုတ်ပြန်ပါတယ်။
ခွဲစိတ်ပြီးနောက် ပုပ်ရဟန်းမင်းကြီးဟာ ပုံမှန်အတိုင်း သတိပြန်လည်လာခဲ့ပြီး ဆေးရုံအခန်းကို ပြန်ရောက်ခဲ့ပါတယ်။
ကင်ဆာဆဲလ်တွေ တခြားနေရာတွေကို ပျံ့နှံ့မှုရှိ၊ မရှိ သိနိုင်ဖို့ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမှာ တပတ်ခန့် ဆက်လက်နေရဖို့ရှိပြီး အောက်တိုဘာ ၂၀ ရက်အထိ အများပြည်သူနဲ့ တွေ့ဆုံမဲ့ အစီအစဉ်တွေကို ဖျက်သိမ်းထားပါတယ်။
ပုပ်ရဟန်းမင်းဟာ နိုဝင်ဘာလမှာ တောင်အမေရိကနိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပေမဲ့ ခရီးစဉ် ဖြစ်မြောက်မလားဆိုတာ ပြန်လည်ကျန်းမာလာမှုအပေါ် မူတည်နေပါတယ်။











