နတ်ဆိုးနှင့် ငရဲတံခါးကို မြင်ခဲ့ကြောင်း ပုပ်ရဟန်းမင်း ဖရန်စစ်၏ ဒိုင်ယာရီတွင် ဖော်ပြ
ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ဘဝတလျှောက်မှာ နတ်ဆိုးကို ၃ ကြိမ် မြင်တွေ့ခဲ့ရသလို ငရဲတံခါးဝကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ သူ့ရဲ့ ကိုယ်ရေးဒိုင်ယာရီမှာ ရေးသားထားပါတယ်။
၁၉၉၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရေးသားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးဒိုင်ယာရီကို စာအုပ်အဖြစ် နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဒိုင်ယာရီမှတ်တမ်းမှာတော့ ကားပေါ်ကနေ တကြိမ်၊ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေချိန်မှာ တကြိမ်နဲ့ ဗာတီကန်အရာရှိတွေနဲ့ တွေ့ဆုံနေချိန်မှာ တကြိမ် နတ်ဆိုးကို မြင်တွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။
“သူဟာ မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်ုပ်ကို ကြည့်နေခဲ့တယ်၊ အဲဒီမျက်လုံးတွေဟာ မီးလျှံတွေလိုပဲ” လို့ ဒုတိယအကြိမ် နတ်ဆိုးကို မြင်တွေ့ခဲ့ရပုံကို ဖရန်စစ်က ရေးသားထားပါတယ်။
၂၀၁၈ ခုနှစ် ဇွန်လကလည်း အိပ်ရာဝင်ဖို့ ပြင်ဆင်နေချိန်မှာ ငရဲတံခါးဝကို မြင်တွေ့ခဲ့ရပြီး အင်မတန် ထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဆုတောင်းပုတီးကို လက်နက်တခုအဖြစ် ကိုင်ဆောင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ် ချီလီနိုင်ငံခရီးစဉ်မှာ ဘစ်ရှော့ဘုန်းတော်ကြီးတပါးဘက်က ကာကွယ်ပြောဆိုခဲ့မိတဲ့အတွက် နောင်တရကြောင်းလည်း ဒိုင်ယာရီမှာ ရေးသားထားပါတယ်။
အဲဒီဘစ်ရှော့ဟာ တခြား ဘုန်းတော်ကြီးတပါး ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ဖုံးကွယ်ပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဖရန်စစ်က နောက်ပိုင်းမှာ တောင်းပန်ခဲ့ပြီး ချီလီနိုင်ငံက ဘစ်ရှော့ဘုန်းတော်ကြီးတွေ အားလုံးကလည်း ရာထူးက နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။
အခုထုတ်ဝေတဲ့ ဒိုင်ယာရီဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း ပုပ်ရဟန်းမင်းကြီးတပါးရဲ့ ကိုယ်ရေးဒိုင်ယာရီကို အများပြည်သူ ဖတ်ရှုနိုင်ဖို့ ပထမဆုံးအကြိမ် ထုတ်ဝေတာဖြစ်ပါတယ်။
ဖရန်စစ်ဟာ ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံခဲ့ရပြီး ကက်သလစ်သာသနာကို ၁၂ နှစ်ကြာ ဦးဆောင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလမှာ အသက် ၈၈ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။
Source: Reuters











