ပီရူးမြို့တော်ရှိ မူချဲရီးဒယ် ချော်ရီယို့စ် အမျိုးသမီးအကျဉ်းထောင်ထဲက အကျဉ်းသားတွေဟာ ကတ္တီပါအထည်သားနဲ့ လုပ်ထားတဲ့ အရုပ်တွေ၊ သော့ချိတ်တွေ၊ လည်ဆွဲတွေနဲ့ တခြားအမှတ်တရပစ္စည်းတွေကို လုပ်နေကြပြီး ပစ္စည်းတွေ အားလုံးထဲမှာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ရဲ့ ပုံရိပ်တွေ ပါနေပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ တောင်အမေရိကတိုက်ဆီ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် လာမဲ့ နိုဝင်ဘာလမှာ အင်ဒီးစ်ဒေသက ပီရူးနိုင်ငံဆီ ရောက်လာမှာပါ။
အကျိုးရှိ ထိရောက်တဲ့ အကျဉ်းထောင်လုပ်ငန်း အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အကျဉ်းသားတွေက လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်ဖို့ လိုတဲ့ငွေကြေးကို ရှာဖွေစုဆောင်းဖို့ ရည်ရွယ်ဆောင်ရွက်နေပါတယ်။
ဒီလုပ်ငန်းဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်မွေးဖွားခဲ့ပေမဲ့ ပီရူးနိုင်ငံမှာ ဘာသာရေးခေါင်းဆောင်တယောက်အဖြစ် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပီရူးနိုင်ငံသား အဖြစ် ခံယူထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အပေါ် စိတ်လှုပ်ရှားနေကြပါတယ်။
အမျိုးသမီးတွေအတွက် ဒီလုပ်ငန်းက စိတ်ဖိစီးမှုတွေကနေ ခဏလွတ်မြောက်ရာ လမ်းကြောင်းတခု ဖြစ်စေသလို ဝေးလံတဲ့နေရာကနေ မိသားစုကို ထောက်ပံ့ကူညီနိုင်မဲ့ နည်းလမ်းတခုလည်း ဖြစ်နိုင်ပါတယ်။
အကျဉ်းထောင် အုပ်ချုပ်ရေးက ဒီအစီအစဉ်ကနေ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးပေမဲ့ အကျဉ်းသားတွေက ဝိညာဉ်ရေးရာဆိုင်ရာ ဆုလာဘ်တခုကို ရဖို့ မျှော်လင့်နေကြတယ်လို့ အကျဉ်းသားတယောက်က ပြောပါတယ်။
အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး လီယိုဟာ ဒေသတွင်းခရီးစဉ်အဖြစ် အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတွေဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် နောက်ဆုံးခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၁ ရက်ကနေ ၁၆ ရက်အထိ ပီရူးနိုင်ငံမှာ ရှိနေမှာ ဖြစ်ပါတယ်။
Source: Reuters










