
ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ အရန်နိုင်ငံခြားငွေ ဖိအားဖြစ်လာတဲ့အတွက် လောင်စာဆီ ချွေတာဖို့နဲ့ နေအိမ်ကနေ အလုပ်လုပ်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက တိုက်တွန်းပါတယ်။
လောင်စာဆီ အသုံးပြုမှု လျှော့ချနိုင်ဖို့ ကိုဗစ်ကာလကလို နေအိမ်ကနေ အလုပ်လုပ်တာနဲ့ အွန်လိုင်း အစည်းအဝေးတွေကို ဦးစားပေးဖို့ မိုဒီက ပြောပါတယ်။
“လက်ရှိအခြေအနေမှာ နိုင်ငံခြားငွေ ချွေတာရေးကို ကျနော်တို့ အထူးအလေးထားရပါမယ်” လို့ မိုဒီက ပြောပါတယ်။
ဒါ့အပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို သုံးဖို့နဲ့ ဖြစ်နိုင်ရင် ကားကြုံစီးကြဖို့လည်း တောင်းဆိုထားပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရေနံ တတိယအများဆုံး တင်သွင်းသုံးစွဲတဲ့နိုင်ငံ ဖြစ်ပေမဲ့ ဓာတ်ဆီနဲ့ ဒီဇယ်စျေးတွေကို တိုးမြှင့်ဖို့ အစီအစဉ် မရှိသေးပါဘူး။
နိုင်ငံခြားငွေ ချွေတာနိုင်ဖို့ ရွှေဝယ်ယူတာတွေ ရှောင်ကြဉ်ဖို့နဲ့ မလိုအပ်ဘဲ ပြည်ပခရီးသွားတာတွေကို အနည်းဆုံး တနှစ်လောက် ရပ်နားထားဖို့လည်း ပြောပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်သလို မျိုးချစ်စိတ်လည်း ပြရာရောက်တဲ့အတွက် ဟင်းချက်ဆီ သုံးစွဲမှုကို လျှော့ချဖို့ မိသားစုတွေကို တိုက်တွန်းထားပါတယ်။
လယ်သမားတွေ အနေနဲ့လည်း ဓာတ်မြေသြဇာ သုံးစွဲမှုကို ထက်ဝက်လောက်အထိ လျှော့ချဖို့ မိုဒီက တောင်းဆိုခဲ့ပါတယ်။
Source: Reuters










