
ယီမင်နိုင်ငံထဲက ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ တိုက်ဇ်မြို့မှာ လောင်စာဆီ ပြတ်လပ်လို့ ဆေးရုံတရုံမှာ မွေးကင်းစ ကလေးတွေကိုထားတဲ့ အထူးကြပ်မတ်ကုသခန်းသုံး စက်ကိရိယာ အရေအတွက်ကို အလုံး ၄၀ ကနေ ၁၀ လုံးအထိ လျှော့ချလိုက်ရပါတယ်။
သီတင်းပတ်ပေါင်းများစွာ ကြာနေတဲ့ တိုက်ပွဲတွေကြောင့် အသက်ကယ်ထောက်ပံ့ရေး ပစ္စည်းတွေ မဝင်နိုင်တော့ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးရွားလာတာကို လူပေါင်း သိန်းနဲ့ချီပြီး ထိခိုက်ခံစားနေရပါတယ်။
ယီမင်-ဆွီဒင် မိခင်နဲ့ ကလေးဆေးရုံက မွေးကင်းစကလေး ကုသဆောင်က သူနာပြု နာဒါ အာမက်က “အောက်ဆီဂျင်လည်း မရှိဘူး၊ ကလေးတွေကို နွေးထွေးအောင် ထားဖို့ incubator စက်တွေ မောင်းမဲ့ လောင်စာဆီလည်း မရှိဘူး” လို့ ပြောပါတယ်။
မွေးကင်းစကလေးကုသဆောင် ကြီးကြပ်ရေးမှူး နာဝါလ် နာဂျိဘ်က လောင်စာဆီတွေ ရောက် မလာရင် ဆေးရုံလုပ်ငန်း လည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ရမဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေး ပြောဆိုပါတယ်။
ဆော်ဒီအာရေဗျက ထောက်ခံထားတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ အီရန်ဘက်က ရပ်တည်တဲ့ ဟူသီအဖွဲ့တို့ ကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးတဲ့နောက် အောက်တိုဘာ ၃ ရက်ကစပြီး တိုက်ဇ်မြို့ဟာ တခြားနေရာတွေနဲ့ အဆက်အသွယ် ပြတ်တောက်လုနီးပါး ဖြစ်နေတာပါ။
တိုက်ပွဲတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ မဝင်နိုင်သလို အရပ်သားပြည်သူတွေလည်း မြို့ထဲကနေ မထွက်နိုင်ဘဲ ဖြစ်နေပါတယ်။
တိုက်ဇ်-အေဒင်လမ်းကြောင်း အပါအဝင် အဓိက ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဟူသီတပ်ဖွဲ့ တွေက ပိတ်ဆို့ထားလို့ ရေ၊ အစားအစာနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ပိုဆိုးရွားလာပါတယ်။
မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းခွဲလောက်အနက် ထက်ဝက်နီးပါးဟာ ဒီမြို့ကို ရောက်ရှိ ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
လောင်စာဆီ ပြတ်လပ်မှုကြောင့် တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အေဒင်နဲ့ လာ့ရှ်မြို့တွေက ဆေးရုံ တွေနဲ့ အဓိက ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး ခွဲစိတ်ခန်း တွေနဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) တွေကို ထိခိုက်စေတယ်လို့ ဆေးကုသမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။
Source: Reuters











