
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ထဲကို စစ်အာဏာရှင်တပ်က ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ဗုံးတွေကြချခဲ့တာကြောင့် မွေးမြူရေးခြံလုပ်တဲ့ အမျိုးသား တယောက် သေဆုံးခဲ့ရသလို လူနေအိမ်တချို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ ပျက်စီးခဲ့ရ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြည်ခရိုင် ပကဖ တာဝန်ရှိသူတယောက်က “သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာနဲ့ လက်ပံခုန်ရွာ ကြားကို နေပြည်တော်ဘက်ကနေလာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက ဗုံး ၄ လုံး ကြဲသွားပြီး ပွိုင့်ဖိုက်တွေ နဲ့ ၄၊ ၅ လောက်ပစ်သွားတာမှာ အဲ့ဒိရွာ ၂ ရွာကြားကနွားခြံမှာ နွားမွေးမြူရေးအလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်နေတဲ့ အသက် ၅၀ ဝန်းကျင် ဦးဆန်းမြင့်ကို ရင်ဘတ်၊ ကျောဘက်နဲ့ တင်ပါးတွေမှာ ဗုံးစတွေမှန်ပြီး နေရာမှာတင်ဆုံးသွားပါတယ်။ နွားခြံထဲက သူတို့နေတဲ့ အဆောက်အအုံလည်းအမိုးတွေပျက်စီးသလို ကျေးရွာချင်းဆက်လမ်းလည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ဗုံးစတွေ ထိမှန်ပြီးသေဆုံးသွားတဲ့ ဦးဆန်းမြင့်ဟာ အဆိုပါနွားခြံမှာ အသက် ၈၀ ဝန်းကျင် မိခင် ဖြစ်သူနဲ့ ၂ ယောက် တည်းနေထိုင်ကြတာဖြစ်ပြီး မိခင်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
အဆိုပါ ဗုံးကြဲခံရတဲ့နေရာနဲ့ အနီးဝန်းကျင်တွေမှာ တော်လှန်ရေးတပ်စခန်းတွေ မရှိသလို စစ်တပ် စစ်ကြောင်းထိုးတာတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေလည်းမရှိဘူးလို့ ဆိုပါတယ်။
ပြည်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက “တလရ အထိုင်စခန်းလည်းမရှိ၊ စစ်ကြောင်းထိုးတာ လည်း မရှိဘဲနဲ့ သက်သက်မဲ့ကို လေကြောင်းတိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
ပေါင်းတည်မြို့နယ်ထဲမှာ ပေါက်တောကျေးရွာအခြေစိုက် ခလရ ၁၀ တပ်ရင်းလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အနီးအနားကျေးရွာတွကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူ သယ်ဆောင်လေ့ရှိသလို လူနေအိမ်တွေကို မကြာခဏမီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့လည်း ဒေသခံ တွေဆီကနေ သိရပါတယ်။











