
စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေချိန်မှာပဲ အီရန်တောင်ပိုင်းက ဒုံးကျည်စခန်းတွေနဲ့ မိုင်းထောင်ဖို့ ကြိုးစားနေတဲ့ လှေတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က မေ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ဖြစ်ပြီး မိမိတို့တပ်ဖွဲ့တွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တင်မ်ဟောကင်းစ်က အပစ်အခတ်ရပ်စဲရေးကာလမှာ အမေရိကန်စစ်တပ်ဟာ အစွမ်းကုန် ထိန်းသိမ်းနေသလို မိမိတို့တပ်ဖွဲ့တွေကိုလည်း ဆက်လက် ကာကွယ်မယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ အီရန်ရေတပ်စခန်း အခြေစိုက်ရာ ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းမြို့အနီးကို ပစ်မှတ်ထားတာပါ။
အမေရိကန်နဲ့ အီရန်တို့အကြား စစ်ပွဲရပ်တန့်ရေးအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် အခုလိုတိုက်ခိုက်တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတချို့ ရှိနေပေမဲ့ သဘောတူညီချက်ရဖို့တော့ မနီးစပ်သေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာခါရီက ပြောပါတယ်။
ဘာခါရီက “ဆွေးနွေးနေတဲ့ ကိစ္စရပ် အတော်များများအပေါ် သဘောတူညီချက် ရရှိထားတာ မှန်ပေမဲ့ စာချုပ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဘယ်သူမှ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဆွေးနွေးမှုတွေ ကောင်းမွန်စွာ လည်ပတ်နေပေမဲ့ ပျက်ပြားသွားရင် တိုက်ခိုက်မှုအသစ်တွေ ထပ်လုပ်မယ်လို့ သတိပေးပါတယ်။
တဖက်မှာလည်း အီရန်အဓိပတိခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီဟာ လျှို့ဝှက်နေရာတခုမှာ ပုန်းခိုနေတယ်လို့ ဘီဘီစီရဲ့ မိတ်ဖက်ဖြစ်တဲ့ စီဘီအက်စ် သတင်းဌာနက ဖော်ပြပါတယ်။
ခါမေနီဟာ စစ်ပွဲပထမဆုံးနေ့ အစ္စရေးတိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့ပြီး သူ့လက်ထောက်တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေတာကြောင့် ဆွေးနွေးပွဲ နှောင့်နှေးနေရတယ်လို့ အမေရိကန် ထောက်လှမ်းရေးက ယူဆထားပါတယ်။
Source: Reuters










