
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ တနှစ်တာအတွင်း စစ်ဘေးရှောင်တွေနဲ့ CDM တွေ အပါအဝင် ကဏ္ဍစုံအတွက် မြန်မာကျပ်ငွေ သန်းပေါင်း ၅,၅၅၅ ဒသမ ၂၃ ကို ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။
ဧပြီ ၂၀ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဒုတိယဝန်ကြီး ဒေါက်တာအချမ်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်းမှာ နေရပ်စွန့်ခွာပြေးသူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူတွေဟာ အထောက်အပံ့တွေ မရရှိတာ၊ ရရှိမှုတွေ နည်းတာကြောင့် ဘက်ပေါင်းစုံက အကျပ်အတည်း ဆိုက်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။
ဒါ့အပြင် အဲဒီအစည်းအဝေးမှာ NUG အနေနဲ့ ၂၀၂၁ ခုနှစ်ကနေ အခုနှစ် ဖေဖော်ဝါရီလအထိ ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ဖြစ်စဉ် စုစုပေါင်း ၆၁၃ မှု မှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီအကြမ်းဖက်မှု အများစုဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ဒီအချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆီကို ပုံမှန်ပေးပို့နေတယ်လို့လည်း ဆိုပါတယ်။










