
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲတော်စပ်သူကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ စိုင်းဆာစံကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးက စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်လိုက်တယ်လို့ ဒီနေ့ ဩဂုတ် ၃၁ ရက်မှာ SSPP ဘက်က ထုတ်ပြန်ပါတယ်။
သီပေါမြို့နယ်၊ စံဖိတ် ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ စိုင်းစံ(ခေါ်)စိုင်းဆာစံဟာ ညီမဝမ်းကွဲတော်စပ်သူ အသက် ၁၄ နှစ်အရွယ် နန်းစံဟွမ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
SSPP ရဲ့ တာဝန်ရှိသူတယောက်က “သူက လွန်ခဲ့တဲ့ ဇွန် ၂၅ ရက်ပေါ့၊ အမှုဖြစ်ပြီးနောက် တရားလို မိသားစုဝင်တွေဘက်က တင်ပြလာတယ်။ အကူအညီကို တောင်းဆိုလို့ စိစစ်ကြတာပေါ့။ ဘယ်သူ ခေါ်သွားတယ် ဆိုတာသိရလို့ လိုက်ရလွယ်တာပေါ့။ ကောင်မလေးက ၁၄ နှစ်ပဲရှိသေးတယ်။ အမျိုးလည်း တော်တာပေါ့။ တရားခံက မုဒိမ်းကျင့်တော့ ကောင်မလေးက လက်မခံဘဲ သူ့အမေကို ပြောပြမယ်လုပ်လို့ ငှက်ပျောခြံထဲမှာ ဘီယာ ပုလင်းတလုံးနဲ့ ခေါင်းကိုရိုက်တာ။ ပုလင်းကွဲနဲ့ပဲ ဝမ်းဗိုက်မှာ တချက်ထိုး၊ လည်ပင်းတချက် ထပ်ထိုးတယ်။ သူ့ကို ဖမ်းဆီးရမိတော့ အချုပ်မှာ ထည့်ထားတယ်၊ စစ်ဆေးတယ်။ ဖမ်းတဲ့အချိန်မှာ သူ့ဘက်က အသေးစိတ်လိုက်ပြတာပေါ့။ ဥပဒေအရ အရွယ်မရောက်သေးသူကို မုဒိမ်းကျင့်တာတွေကို အကြိမ်ကြိမ်စီရင်ခဲ့တာရှိပါတယ်။ ကောင်မလေးက အိမ်မှာလည်း သိပ်အဆင်မပြေကြဘူး။ ကောင်မလေးကို အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ။ သီပေါနဲ့ ဘော်ကြိုကြားက ဆိုင်မှာ အချိုရည်ထဲ အရက်ထည့်တိုက်တယ်။ အရွယ်မရောက် မုဒိမ်းကျင့်ရင်တော့ သေဒဏ်ပါပဲ။ မသေမချင်း သတ်တယ်ဆိုတော့ လူသေမှု မုဒိမ်းကျင့်မှုပေါ့၊ လိမ်လည်ခေါ်ဆောင်မှုပေါ့။ ငှက်ပျောခြံမှာပဲ သီပေါမြို့နယ် အနောက်ဘက်မှာ ကောင်မလေးအလောင်းကို တွေ့တယ်။ သူကိုယ်တိုင်လိုက်ပြလို့ သိရတာပါ။ ပုပ်တောင် ပုပ်နေပြီ ဘောင်းဘီနဲ့ အင်္ကျီပဲ တွေ့ရတယ်။ လူကတော့ ရုပ်မပေါ်တော့ဘူး” လို့ DVB ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က စိုင်းစံဟာ ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်ကို အလုပ်ရှာပေးမယ်လို့ အကြောင်းပြ ခေါ်ဆောင်သွားပြီး သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးက ငှက်ပျောစိုက်ခင်းထဲမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “နှစ်ယောက်တည်း သွားကြတာ။ မောင်နှမဝမ်းကွဲလည်း တော်တယ်။ ကောင်မလေးက ငယ်သေးတယ်၊ အသက် ၁၄၊ ၁၅ လောက်ပေါ့” လို့ ပြောပါတယ်။
နန်းစံဟွမ် ပျောက်ဆုံးနေတာကြောင့် သူ့ရဲ့ မိဘတွေက ဇွန် ၂၅ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ဆီ လာရောက်တိုင်ကြားခဲ့တာကြောင့် စုံစမ်းခဲ့တာမှာ အဲဒီနေ့မှာပဲ ပြစ်မှုကျူးလွန်သူ စိုင်းဆာစံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သေဒဏ်စီရင်တာကို သြဂုတ် ၃၀ ရက်နေ့မှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
SSPP ဟာ ၂၀၂၅ ခုနှ်မှာလည်း သီပေါမြို့နယ်မှာပဲ မုဒိမ်းကျင့်တဲ့ပြစ်မှုကို သေဒဏ်တကြိမ် ပေးခဲ့ဖူးပြီး ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကလည်း တန့်ယန်းမြို့နယ်မှာ အဲဒီလိုအမှုကို သေဒဏ်ပေးဖူးတယ်လို့ သိရပါတယ်။











