
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့မှာ လှေမှောက်ပြီး အမျိုးသားတယောက် ရေနစ်သေဆုံးကာ တယောက် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သြဂုတ် ၂၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ လောက်က ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက်နဲ့ ရွာသစ်ကုန်းကြားရှိ ရွာသစ်ကုန်းတံတားအနီး ရိုးချောင်းအတွင်း အပျော်တမ်း လှေလှော်ထွက်စီးတဲ့ အမျိုးသား ၂ ယောက် လှေမှောက်ခဲ့တာပါ။
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက "အမျိုးသား ၂ ယောက်စီးတဲ့လှေ မှောက်တာ။ တယောက်ကို အသက်ရှင်လျက် တွေ့တာ။ တယောက်က ပျောက်နေတယ်" လို့ ပြောပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှေမှောက် ပျောက်ဆုံးနေတဲ့ အမျိုးသား ၂ ယောက်ကို ရှာဖွေကယ်ဆယ်ခဲ့ရာမှာ တယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အသက် ၂၈ နှစ်အရွယ် ကိုကောင်းထက်ဇော်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက "ရေကြီးရေလျှံမှုဖြစ်တဲ့ ဒေသတွေမှာ အခုလို အရဲကိုးပြီး သွားလာတာတွေ မလုပ်ဖို့ အကြံပြုပါတယ်။ ရေတက်တာပဲဖြစ်ဖြစ် ရေပြန်ကျတာပဲဖြစ်ဖြစ် ရေစီးသန်ရင် အန္တရာယ်ရှိပါတယ်" လို့ ပြောပါတယ်။
လက်ရှိ ပျောက်ဆုံးနေတဲ့ အမျိုးသားကို ငါးသိုင်းချောင်းမြို့က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး ယာဉ်တွေ၊ စက်လှေတွေ အသုံးပြုကာ ဆက်လက်ရှာဖွေနေပါတယ်။
ဇူလိုင် ၃၀ ရက်က လေးမျက်နှာမြို့နယ်ထဲက ငဝန်ရေကာတာ ကျိုးပြီးနောက်ပိုင်း ငါးသိုင်းချောင်းမြို့ဟာ ဒုတိယအဆိုးဆုံး ရေကြီးမှုဒဏ် ခံနေရတဲ့ဒေသတခု ဖြစ်ပါတယ်။
သြဂုတ် ၅ ရက်ကနေ ၂၈ ရက်အထိ ငါးသိုင်းချောင်းမြို့မှာ လူယောက် ၅,၀၀၀ ကျော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေနေရဆဲ ဖြစ်ပါတယ်။











