DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ဆေးကုသခွင့်ပေးရန် CPJ တောင်းဆို
DVB
·
April 28, 2026
Photo: Myanmar Now
Photo: Myanmar Now
Donate to DVB

အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ သတင်းထောက် ကိုစိုင်းဇော်သိုက် ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ဝေဒနာတွေ ခံစားနေရပေမဲ့ စစ်အာဏာရှင်က ဆေးကုသခွင့် ပိတ်ပင် ထားတဲ့အပေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဧပြီ ၂၇ ရက်မှာ အရေးပေါ် တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။

Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါနဲ့ လိပ်ခေါင်းရောဂါတို့ကို ခံစားနေရပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ် နေတာပါ။ 

ဒါပေမဲ့ အကျဉ်းထောင်အာဏာပိုင်တွေက သူ့ကို ထောင်ဆေးရုံ ဒါမှမဟုတ် ပြင်ပဆေးရုံတွေမှာ ကုသခွင့် မပေးဘဲ သောက်ဆေးလောက်နဲ့သာ ကုသပေးနေတယ်လို့ Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး CPJ က ဆိုပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ်  ရှောင်ခရစ္စပင်က "ခွဲစိတ်ကုသမှု မရရှိဘဲ အချိန်ကြာလာတာနဲ့အမျှ ကိုစိုင်းဇော်သိုက်ရဲ့ အသက်အန္တရာယ်ဟာ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့အပေါ် ကျူးလွန်နေတဲ့ အလွဲသုံးစားမှုတွေကို ချက်ချင်း ရပ်တန့်ပြီး ဆေးကုသခွင့် ပေးရပါမယ်" လို့ ပြောပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ကို သတင်း သွားရောက်ယူစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတာပါ။ 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာလည်း အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့တာကြောင့် ရိုက်နှက်နှိပ်စက်မှုတွေ ခံခဲ့ရတာကို လည်း အကျဉ်းထောင်နဲ့နီးစပ်သူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

CPJ ရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စာရင်းတွေအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချမှုမှာ ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိမှာ သတင်းထောက် အနည်းဆုံး ၁၈ ယောက် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013