
မိုခါမုန်တိုင်း သတင်းတင်ပြလို့ ထောင်ဒဏ် အနှစ် ၂၀ ချခံထားရတဲ့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက် စိုင်းဇော်သိုက်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဧပြီ ၈ ရက်က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ထိုင်းနိုင်ငံရုံးခွဲက ဦးဆောင်တာဖြစ်ပြီး ပြည်သူတွေရဲ့ တောင်းဆိုချက် လက်မှတ်ပေါင်း ၃,၀၀၈ ခုကိုလည်း သံရုံးဆီကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သတင်းထောက်တယောက်အနေနဲ့ အမှန်တရားကို တင်ပြတာဟာ ပြစ်မှုမဟုတ်ကြောင်းနဲ့ သူ့ကို မေ့မထားဘူးဆိုတာ အာဏာသိမ်း စစ်အုပ်စု သိစေဖို့ အခုလို တောင်းဆိုတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာ့လက်ဖက်ရည်နဲ့ စမူဆာကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ သတင်းမီဒီယာအလုပ်ဟာ ရာဇဝတ်မှု မဟုတ်ဘူးလို့လည်း Amnesty အဖွဲ့က အခိုင်အမာ ပြောဆိုထားပါတယ်။










