
ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆု ရွေးချယ်ပေးအပ်ကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနောင်းသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သွားရောက်သတင်းယူစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စစ်ခုံရုံးက သူ့ကို အင်းစိန်ထောင်မှာ ထောင်ဒဏ်အနှစ် ၂၀ နဲ့ အလုပ်ကြမ်းစေခိုင်းဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တယောက်ကို အနှစ်ရှည်ဆုံး ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲက တခုလည်း ဖြစ်ပါတယ်။
ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ကိုစိုင်းဇော်သိုက်ဟာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးဝေဒနာတွေအတွက် ဆေးဝါးကုသခွင့် ငြင်းပယ်ခံထားရတယ်လို့ CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CPJ ရဲ့ ၂၀၂၅ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဒုတိယမြောက် ထောင်ဒဏ် အများဆုံးချမှတ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး ကိုစိုင်းဇော်သိုက်ရဲ့ ဖြစ်စဉ်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှုတ်ပိတ်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ဖြိုခွဲဖို့ မြန်မာစစ်အာဏာရှင်ရဲ့ ပြုလုပ်ချက်တွေကို ထိရောက်စွာ ဖော်ပြနေတယ်လို့ ဆိုပါတယ်။
CPJ ဆုပေးပွဲအခမ်းအနားကို လာမဲ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကိုစိုင်းဇော်သိုက်ဟာ ပြီးခဲ့တဲ့ဇွန်လမှာလည်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်တဲ့ သတ္တိရှင်ဆု (Courage Prize) ကိုလည်းရရှိထားပါတယ်။










