
ရခိုင်ပြည်နယ်မှာ စစ်ရေးမတည်ငြိမ်မှုတွေနဲ့အတူ လေကြောင်းအန္တရာယ်တွေကြားထဲမှာ ကျောင်းသား လူငယ်တွေအနေနဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေကြရပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ ပညာရေးစနစ်သစ်တခုကို ပြန်လည်တည်ဆောက်နေပေမဲ့ မြေပြင်မှာတော့ ရခိုင်က ကျောင်းသားလူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းမှာ မရေရာမှုတွေနဲ့ ဝေဝါးနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ဒေသရဲ့ မြေပြင်ထိန်းချုပ်မှု ၉၀ ရာခိုင်နှုန်းကျော်ကို ရရှိ ထားပါတယ်။
AA အနေနဲ့ စစ်ပွဲတွေကြားထဲကပဲ “အာရက္ခအမျိုးသားပညာရေးဌာန” ကို ဖွဲ့စည်းပြီး ဗဟို၊ ခရိုင်၊ မြို့နယ်ကနေ ရပ်/ကျေးအဆင့်အထိ ပညာရေးကွန်ရက်ကို တည်ဆောက်နေပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ လေကြောင်း အန္တရာယ်ကြောင့် စာသင်ကျောင်းတွေဟာ ပုံမှန်အတိုင်း လည်ပတ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
တဖက်မှာလည်း ကျွမ်းကျင် ဆရာ၊ ဆရာမ လိုအပ်ချက်၊ ဘဏ္ဍာငွေရှားပါးမှုတွေအပြင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
အထူးသဖြင့် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေပါ မကျန် စစ်အုပ်စုရဲ့ လေကြောင်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ပညာရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတခုလို ဖြစ်နေတာပါ။
စစ်ဘေးနဲ့ ကိုဗစ်ကပ်ဘေးတွေကြားမှာ ရခိုင်က လူငယ်တွေရဲ့ ပညာရေးလမ်းကြောင်းက ရပ်တန့်လု နီးပါး ဖြစ်ခဲ့ရပြီး လက်ရှိမှာ တက္ကသိုလ်ဆက်တက်ခွင့် မသေချာ မရေရာတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အာရက္ခပညာရေးစနစ်ရဲ့ Grade 12 စာမေးပွဲ အောင်မြင်ထားသူတယောက်က ပြောပါတယ်။
“တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ စာလည်း ကောင်းကောင်းမကျက်ခဲ့ရဘူး၊ စာလည်း ကောင်းကောင်းမသင်ခဲ့ရဘူး။ အဲဒီလိုကြားထဲကနေ ဝင်ဖြေခဲ့ရတာ။ တက္ကသိုလ် ဆက်မတက်နိုင်ဘဲနဲ့ ပညာရေး တပိုင်းတစနဲ့ ရပ်ထားတယ်ဆိုတော့ ညီမအတွက် စာမေးပွဲအောင်တာက သိပ်အဓိပ္ပာယ် မရှိသလိုပဲ။ ပြီးတော့ တက္ကသိုလ်က ဘွဲ့ရလာရင်ရော ဘာအဓိပ္ပာယ်ရှိမလဲ ဆိုတာကို သိပ်ဝေခွဲလို့ မရဘူးရှင့်။ တက္ကသိုလ်တော့ တက်ချင်တယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကနေ လေကြောင်း အန္တရာယ် ပြုတာမျိုးတွေ ရှိနေတော့ တက္ကသိုလ်တက်တဲ့အချိန် စိတ်ချလက်ချနဲ့ တက်နိုင်မလား ဆိုတာကို စိတ်ပူမိတယ်။ အခုအချိန်မှာ ညီမ တက္ကသိုလ်မတက်နိုင်တော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ သိမ်ငယ်စိတ်တွေတော့ ဝင်မိတယ်ပေါ့နော်။”
အခြေခံပညာရေးကို အာရက္ခပညာရေးဌာနက တာဝန်ယူပေးနေပေမဲ့ တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေမှာ မေးခွန်းထုတ်စရာတွေ များစွာရှိနေပါတယ်။
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကတော့ တန်းတူညီမျှပြီး တိုင်းပြည်လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ခေတ်မီပညာရေးစနစ်တခု ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဆင့်မြင့်တက္ကသိုလ်တခု ဖွင့်လှစ်နိုင်ဖို့အတွက်ကတော့ လက်ရှိအချိန်ထိ ငွေကြေး အခက်အခဲ၊ သင်ကြားရေးကျွမ်းကျင်တဲ့ ဆရာ လုံလောက်မှု မရှိတာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဟာ အကြီးမားဆုံး စိန်ခေါ်မှုတွေအဖြစ် ဆက်လက်ရှိနေဆဲပါ။
တဖက်မှာလည်း စစ်ပွဲတွေကြောင့် ပညာရေးလမ်းကြောင်း ပြတ်တောက်သွားတဲ့ လူငယ်တွေဟာ ပြည်ပထွက်ခွာဖို့ ကြိုးစားပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ နယ်မြေပိတ်ဆို့မှုတွေကြောင့် ရခိုင်ဒေသမှာပဲ ပိတ်မိနေကြတာပါ။
တက္ကသိုလ်ဒုတိယနှစ်နဲ့ ကျောင်းရပ်နားလိုက်ရသူက “ပညာရေးလမ်းကြောင်းကို ဆုံးအောင် လျှောက်ချင်တယ်။ Bachelor ရချင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီဘက်မှာ စစ်ပွဲ အခြေအနေတွေကြောင့် ဒီပညာရေးကို ဆက်သင်ခွင့် မရလိုက်တော့ဘူး။ အဲ့တော့ တခြားဒေသတွေမှာကျတော့ ကိုယ်တို့နဲ့ သက်တူရွယ်တူတွေက အများကြီး ဖြစ်သွားကြပြီနော်။ နိုင်ငံခြား ပညာရေး အခွင့်အလမ်းတွေကိုပါ သူတို့က လက်လှမ်းမီတဲ့ အခြေအနေမှာ ကိုယ်ကကျတော့ အခုလိုမျိုး ဘာမှမဟုတ်ဘူးပေါ့နော်။ Bachelor တောင်မှ မပြီးလိုက်ဘူး။ ပညာရေး ဆက်သင်ခွင့် မရတော့ဘူးဆိုတော့ စိတ်ထဲမှာ အရမ်းအားငယ်သလိုပဲ ခံစားရတာပေါ့နော်။ သူများတွေနဲ့ ယှဉ်လို့ရှိရင် ကိုယ်က အရမ်း အသိအမြင်ရော၊ ဗဟုသုတတွေမှာရော၊ တခြားတခြား ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တွေပေါ့နော်၊ ပညာရပ်ပိုင်းဆိုင်ရာတွေမှာရော အကုန်လုံး နောက်ကျ ကျန်ခဲ့တယ်လို့ပဲ ခံစားရပါတယ်” လို့ ပြောပါတယ်။
ဒီလို မသေချာ မရေရာမှုတွေကြားမှာ ပညာရေးဆုံးခန်းတိုင်အောင် လျှောက်နိုင်ဖို့ မျှော်လင့်နေကြတဲ့ လူငယ်တွေလည်း အများကြီး ရှိနေဆဲပါ။
Grade 12 အောင်မြင်ထားသူက “ရခိုင်က ပညာရေးကို တခြားနေရာမှာ သုံးလို့ရပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိကြပါတယ်။ ဒါပေမဲ့ ညီမကတော့ ယုံကြည်ပါတယ်။ အစိုးရဘက်ကနေ သေသေချာချာ လုပ်ပေးလာမယ်လို့ ထင်ပါတယ်။ တက္ကသိုလ်တွေလည်း တက်လာရမယ်လို့ ယုံကြည်ပြီး စောင့်မျှော်နေပါတယ်ရှင့်” လို့ ပြောပါတယ်။
စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲနေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းရန်ကို စိုးရိမ်နေရတဲ့ ရခိုင်က ကျောင်းသားလူငယ်တွေဟာ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းမှာ ပညာသင်ယူခွင့်ရနိုင်ဖို့ မျှော်လင့် နေကြပါတယ်။
ဒါ့အပြင် အာရက္ခပညာရေးဌာနအနေနဲ့လည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ရခိုင်က ကျောင်းသား လူငယ်တွေအတွက် ပိုမိုထိရောက်တဲ့ ပညာရေးအစီအမံတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
ကေခိုင်










