
စစ်ပွဲအဆုံးသတ်ရေးသဘောတူညီမှုရအပြီးမှာ အီရန်အပေါ် ချမှတ်ထားတဲ့ ရေကြောင်းပိတ်ဆို့မှုကို အမေရိကန်က ရုပ်သိမ်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မတတ်သာတဲ့အဆုံး အခုသဘောတူညီချက်ရဖို့အတွက် နည်းလမ်းပေါင်းစုံကို သုံးခဲ့ရတယ်လို့ အီရန်အဓိပတိ မို့ဂျ်တာဘာခါမေနီက ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
သဘောထားကွဲလွဲမှုတွေ ရှိပေမဲ့ အီရန်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ်ဆိုတဲ့ သမ္မတ မာဆွတ်ပဇက်ရှ်ခီယန်ရဲ့ အာမခံချက်ကြောင့် ဒီသဘောတူညီချက်ကို သူလက်ခံခဲ့တာလို့ ခါမေနီက ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ဆက်ခံခဲ့တဲ့ သား ခါမေနီရဲ့ ပထမဆုံး လူသိရှင်ကြားတုံ့ပြန်မှု ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး၊ အီရန်ဘက်က နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးနဲ့ ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ အီရန်ပြန်လည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှု အပါအဝင် အချက် ၁၄ချက် ကို သဘောတူညီခဲ့ကြတာပါ။
သဘောတူညီချက်ပါ စည်းမျဉ်းတွေကို အီရန်က မလိုက်နာရင် ငွေကြေးနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် အီရန်နဲ့ သဘောတူညီချက်ကို ဝေဖန်နေကြတဲ့ အစ္စရေးအစိုးရအဖွဲ့ဝင်တွေကိုလည်း လက်တွေ့အခြေအနေကို သုံးသပ်ဖို့ ဗန့်စ်က သတိပေးပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ အရေးကြီးကြောင်း အလေးပေးပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက် ထွက်ပေါ်လာပြီးနောက်မှာလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Source:Reuters










