နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းရဲ့ အံ့အားသင့်စရာ ချန်ပီယံလိဂ်ခရီးစဉ်ဟာ ၁၆ သင်းအဆင့်မှာတင် လမ်းခွဲခဲ့ရပါပြီ။
ပထမအကျော့ အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းကို (၃-၀) ဂိုးနဲ့ နိုင်ထားပေမဲ့ ဒုတိယအကျော့ အဝေးကွင်းမှာ ၅ ဂိုးပြတ်ပြန်ရှုံးခဲ့လို့ နှစ်ကျော့ပေါင်း (၅-၃) ဂိုး ရလဒ်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အာတိတ်စက်ဝိုင်းအနီးက မြို့လေးမှာ အခြေစိုက်တဲ့ ဒီအသင်းလေးဟာ ဒီရာသီမှာ မန်စီးတီးနဲ့ အက်သလက်တီကိုတို့ကို အနိုင်ယူပြီး အားလုံးကို အံ့အားသင့်စေခဲ့တာပါ။
နည်းပြ ကတ်ဂျေတေးလ်ကတော့ “ကျနော်တို့က ပွဲကို အာရုံမစိုက်ဘဲ ရလဒ်နောက်ဆက်တွဲတွေကိုပဲ ကြောက်နေခဲ့လို့ အခုလို ရှုံနိမ့်ခဲ့တာ” လို့ ဝန်ခံခဲ့ပါတယ်။
ဘိုဒိုဂလင့်ဟာ လူစာရင်းတန်ဖိုးအရ ၁၆ သင်းအဆင့်မှာ အနည်းဆုံးအသင်းဖြစ်ပေမဲ့ မန်စီးတီးလို အသင်းကြီးတွေကို အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ အမှတ်ရစရာ အသင်းတသင်း ဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ သူတို့အသင်းရဲ့ လူစာရင်းတန်ဖိုးနီးပါးရှိတဲ့ ပေါင် သန်း ၄၀ ကို ဆုကြေးအဖြစ် ရရှိခဲ့တာကြောင့် ဒါဟာ သူတို့အတွက်တော့ တကယ့်ကို အောင်မြင်တဲ့ ခရီးစဉ်တခု ဖြစ်ခဲ့ပါတယ်။










