
တူရကီနိုင်ငံအနောက်ပိုင်း၊ မာနီဆာပြည်နယ်မှာ စက်တင်ဘာ ၂၂ ရက်က အထက်တန်းကျောင်း တကျောင်းရဲ့ အပြင်ဘက်မှာ ကျောင်းသားတယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းသား ၁၁ ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ တရားရေးဝန်ကြီး အာကင်ဂူရ်လက်ခ်က ပြောပါတယ်။
ဒဏ်ရာရသွားသူတွေထဲက ၂ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး ကျူးလွန်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း ဂူရ်လက်ခ်က X လူမှုကွန်ရက်မှာ ရေးပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်ပွားရတဲ့ ရည်ရွယ်ချက်ကို ချက်ချင်း မသိရသေးပါဘူး။
ကျောင်းအပြင်ဘက်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းအပြင်ဘက်မှာ ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေနဲ့ လမ်းသွားလမ်းလာတွေကို ဖယ်ရှားနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ၂ ခုကြောင့် တူရကီနိုင်ငံမှာ ကန့်ကွက်ရှုတ်ချမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ တင်းကျပ်တဲ့ သေနတ် ထိန်းချုပ်မှုတွေ အပါအဝင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လုံခြုံရေး အစီအမံအသစ်တွေကို ချမှတ်လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
အဲဒီမတိုင်ခင်က တူရကီနိုင်ငံမှာ အဲဒီလို တိုက်ခိုက်ခံရတဲ့ မှတ်တမ်းမျိုး မရှိခဲ့ပါဘူး။
ဒုသမ္မတ ဆီဗ်ဒက် ယီလ်မာဇ်ကတော့ ပြည်ထဲရေးဝန်ကြီး မူစတာဖာ ချစ်ဖ်ချီနဲ့ ပညာရေးဝန်ကြီး ယူဆွတ်ဖ်ှ တေကင်တို့ဟာ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် မာနီဆာမြို့ကို သွားရောက် နေကြ ပြီလို့ ပြောပါတယ်။
Source:Reuters











